Home
မြန်မာသတင်း
နေပြည်တော် ဆန္ဒခံယူပွဲ အာဏာပိုင်များ ခွင့်မပြု
ရွှေအောင်
·
November 15, 2013
ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်  တက်ရောက်မိန့်ခွန်းပြောမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေရှင်းလင်းပွဲနဲ့ လူထုဆန္ဒခံယူပွဲကို နေပြည်တော် နယ်မြေရဲစခန်းက ခွင့်မပြုပေမယ့် အန်အယ်လ်ဒီ အနေနဲ့တော့ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ သိရပါတယ်။ nld coverအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး လူထုဟောပြောပွဲ နေပြည်တော်မှာ ကျင်းပဖို့ ခွင့်ပြုချက်တောင်းခံရာမှာ အချက်အလက်မစုံဘူး၊ လုပ်မယ့်နေရာဟာ ရုံးဌာနတွေနဲ့နီးပြီး ရုံးသွားကျောင်သွားချိန်ဖြစ်နေတာကြောင့် ခွင့်မပြုနိုင်ဘူးလို့ သက်ဆိုင်ရာနယ်မြေစခန်းမှူးက နိုဝင်ဘာ ၁၄ ရက်မှာ အကြောင်းပြန်ခဲ့ပါတယ်။ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကတော့   ဥပဒေနဲ့အညီ ကျင်းပဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။ “အချက်အလက် မပြည့်စုံဘူးဆိုတာဟာ အဲဒီနေ့မှာ ဟောပြောမယ့်သူရဲ့ အမည်တို့၊ သက်ဆိုင်ရာလိုအပ်တဲ့ ကိုယ်ရေးမှတ်တမ်းအကျဉ်းတွေနဲ့ ပြည့်စုံစွာ ဖော်ပြနိုင်တဲ့အပြင် အဲဒီ လက်မှတ်ထိုးတဲ့နေရာမှာ ဦးဆောင်သူ မျဉ်းစောင်း၊ လျှောက်ထားသူ မျဉ်းစောင်း၊ ဟောပြောသူ ဆိုတဲ့နေရာအတွက်ကို ကျနော်တို့ရဲ့ လက်မှတ်ရေးထိုး တောင်းဆိုခွင့်တောင်းမယ့် နေပြည်တော် ခရိုင် ဒုတိယ ဥက္ကဋ္ဌ ဦးဇာနည်လင်းက တောင်းဆိုခွင့် လက်မှတ်ထိုးတဲ့နေရာမှာ စောစောက ဦးဇာနည်လင်း လက်မှတ်မဟုတ်ဘဲနဲ့ ဟောပြောသူရဲ့ လက်မှတ်လိုတယ်ဆိုတဲ့ဟာကို အကြောင်းပြတယ်ပေါ့။ သို့သော် ကျနော်တို့က မျဉ်းစောင်းတွေ ခံတဲ့အတွက် သဘောအားဖြင့် ဦးဆောင်သူ၊ ဟောပြောသူ၊ လျှောက်ထားသူ တယောက်ယောက်က ထိုးတယ်ဆိုရင် အချက်အလက်က အချက် ၁ ပါ ပြည့်စုံတယ်လို့ ကျနော်တို့က သတ်မှတ်တယ်။ “နောက် အချက် ၂ ပါ အကြောင်းအရာတွေဟာ မကြာခင်ရက်ပိုင်းက ပယ်ဖျက်ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာချက် ၂/၂၀၁၀ မှာပါတဲ့ အစိုးရရုံးဌာနတွေနဲ့ နီးတာတွေ၊ အများသူငါ စာသင်ကျောင်းတွေနဲ့ နီးတာတွေ၊ သာသနိက အဆောက်အအုံနဲ့ နီးတာတွေ ပယ်ဖျက်ပြီးသား ဖြစ်တဲ့အတွက် ဒီအချက်နဲ့ ပတ်သက်ပြီး ငြင်းပယ်တာဟာ အကြောင်းအချက် မခိုင်လုံတဲ့အပြင် ဒီနေရာဟာ ခြောက်လမ်းသွား လမ်းမမှာဖြစ်တဲ့အတွက် နောက် ကားရပ်ရန် ပါကင်တွေလည်း အဆင်သင့်ရှိနေတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေ ရုံးသွား ရုံးပြန်တွေ အတွက်ကို အနှောင့်အယှက်ဖြစ်စရာ အကြောင်းမရှိဘူး။” အချက်အလက်ပြည့်စုံပြီး ဥပဒေနဲ့ညီညွတ်တဲ့အကြောင်း ဆိုင်ရာဌာနတွေထံ သွားရောက်ရှင်းလင်း တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နေပြည်တော် အခြေခံဥပဒေရှင်းလင်းပွဲကို လာမယ့်နိုဝင်ဘာ ၁၈ ရက်၊ မနက် ၈ နာရီမှာ ဇဗ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှကျေးရွာမှာ ပြုလုပ်မှာဖြစ်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ပါတီက ဥပဒေပညာရှင်တွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ ဦးအောင်ကြည်ညွန့်တို့က ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြကြမယ်၊ ပြီးရင် ပြည်သူ့ဆန္ဒသဘောထားရယူကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း အန်အယ်ဒီပါတီရဲ့ ရန်ကုန်တိုင်းလုံးကျွတ်ပြည်သူ့ဆန္ဒရယူပွဲ ပြုလုပ်ခဲ့ပြီး အများစုက ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒပေးခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024