နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပြီး လာမယ့်ရက်တွေအတွင်း တရားရုံးမှာ တရားရင်ဆိုင်ရတော့မယ်လို့ အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ကြောင်း စနေနေ့မှာ အွန်လိုင်းမှ ထုတ်ဝေတဲ့ အင်တာဗျူးကောက်နုတ်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထိန်းသိမ်း ဖြုတ်ချထားပြီးချိန်ကတည်းက သူ့ရဲ့ပထမဆုံး အင်တာဗျူး ဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်နေပါတယ်။ သူ့အိမ်မှာရှိနေပြီး နေလည်း ကောင်းပါတယ်၊ ရက်အနည်းငယ်အတွင်းမှာ တရားရုံးမှာ ရုံးတင်စစ်ဆေးခံရဖို့ ရှိပါတယ်” လို့ ဟောင်ကောင်အခြေစိုက် တရုတ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ Phoenix ဖီးနစ် ရုပ်မြင်သံကြားကနေ ဗွီဒီယိုလင့်နဲ့ ပြောကြားသွားတာပါ။
အင်တာဗျူးမေးမြန်းသူက လူဦးရေ ၅၃ သန်းလောက်ရှိတဲ့ မြန်မာနိုင်ငံမှာ လူအများစုကြီးရဲ့ လေးစားချစ်ခင်ခံရတဲ့ အသက် (၇၅) နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် စည်းရုံးလှုပ်ရှားစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ထင်မြင်ချက်ကို မေးမြန်းရာမှာ အရင်က ပြောခဲ့သလိုပဲ သူလုပ်နိုင်တာအားလုံး လုပ်ခဲ့ပါတယ်လို့ မင်းအောင်လှိုင်က တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ထပ် တရားရုံးချိန်းဟာ မေလ ၂၄ ရက် နေပြည်တော်မှာ ဖြစ်ပါတယ်။
ခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗွီဒီယိုလင့်နဲ့သာ မြင်တွေ့ခွင့်ရပြီး ရှေ့နေတွေနဲ့လည်း တိုက်ရိုက်စကားပြောခွင့် မရသေးပါဘူး။
စစ်ကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေတွေနဲ့ သီးသန့်စကားခွင့် မပြုနိုင်သေးတာဟာ လုံခြုံရေးကိစ္စတွေကြောင့်လို့ အကြောင်းပြထားပါတယ်။