မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောစံပြကျေးရွာကို မေလ ၁၉ ရက် ညနေ ၅နာရီခွဲလောက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေရောက်လာပြီး ကျေးရွာအန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌရဲ့ နေအိမ်ကို ဝင်မွှေဖျက်ဆီးကာ ရွာသားလူငယ်တွေကိုလည်း ရိုက်နှက်သွားပါတယ်။
စစ်ကား ၅ စီး၊ လူအင်အား ၃၀ လောက်နဲ့ ရောက်လာပြီးကျေးရွာ အတွင်းမှာ သေနတ်အချက် ၈၀ လောက် ပစ်ဖောက်ကာ ကျေးရွာအန်အယ်လ်ဒီ ဥက္ကဋ္ဌရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်း ဖျက်ဆီးပြီး လူငယ် ၂ ယောက်ကို ဖမ်းဆီးခေါ်ဆောင် ရိုက်နှက်ခဲ့တာလို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
ကျေးရွာ လမ်းဘေးက ဆိုင်ကယ် ဝပ်ရှော့ကိုလည်း ဝင်ရောက်ဖျက်ဆီးကာကျေးရွာ သပိတ်ခေါင်းဆောင်ရဲ့ နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေခဲ့ရာမှာ လူမတွေ့လို့ ဆဲဆိုကာ ပြန်သွားပြီးတော့ လမ်းသွားလမ်းလာတွေကိုလည်း တားဆီး ရိုက်နှက်တယ်လို့ ဆိုပါတယ်။