Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ်က ကလေးသူငယ် ၅၃ ဦးကို ပစ်သတ်၊ ၇၃ ဦးကို ဖမ်းဆီးထားဟု အေအေပီပီ ထုတ်ပြန်
DVB
·
May 20, 2021

မတရားအာဏာသိမ်းကာလ ၃ လခွဲကျော်အကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၀၇ ယောက် ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ် ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၁၉ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၅၂၇၀ ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၄၁၇၄ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲဖြစ်ပြီး အဲဒီထဲက ၉၄ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၇၄၂ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အ လုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်တယ် လို့ ဆိုပါတယ်။

မနေ့က မေ ၁၉ ရက် မနက်ပိုင်းမှာတော့ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ် တက္ကသိုလ်ကျောင်းသားများ စုပေါင်းသပိတ်စစ်ကြောင်းလူစုနေချိန်မှာ ရဲတပ်ဖွဲ့ ဝင်တွေက ဆိုင်ကယ်တွေနဲ့ လာရောက်ဖြိုခွင်းခဲ့လို့ ၃ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် ပြည်သူတွေကို လွယ်လင့်တကူ ပစ်ခတ်သတ်ဖြတ်တာတွေလည်း တနေ့ တခြား ပိုမိုဆိုးရွားလာနေခဲ့ပြီး မေ ၁၈ ရက်ညအချိန်က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ အမျိုးသား ၁ ယောက်ကို ပစ်ခတ်ခဲ့ပြီး ဒဏ်ရာဖြင့် ခေါ်ဆောင်သွားခဲ့ကာ နောက်တနေ့ မနက်ပိုင်းမှာ မိသားစုကို သူ့ရဲ့ ရုပ်အလောင်းကို လာယူဖို့ အကြောင်းကြားခဲ့တယ်လို့ ဆို ပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ မတရားအာဏာသိမ်းယူပြီးနောက်ပိုင်း ကလေးသူငယ် တွေကိုလည်း ဆိုးရွားစွာ ဖိနှိပ်လာခဲ့ကြောင်း၊ မှတ်တမ်းပြုထားချက်တွေအရ မေ ၁၉ ရက် အထိ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကလေးသူငယ်စုစုပေါင်း ၇၃ ယောက်နဲ့ ကျဆုံးသွား ခဲ့သူ ၅၃ ယောက်ထိ ရှိခဲ့ပြီဖြစ်တယ်လို့လည်း အေအေပီပီ ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။

ဒါဟာ ကလေးသူငယ်တွေအတွက် စိုးရိမ်ဖွယ်ရာအခြေအနေကို ဖော်ဆောင်နေပြီး အာဏာသိမ်းပြီးကတည်းက ကလေးသူငယ်တွေအနေနဲ့ ဘယ်လိုကာကွယ်စောင့်ရှောက် မှုကိုမှ မရရှိတော့ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုကာလအတွင်း လိင်စိတ်ခံယူမှု ကွဲပြားသူတွေ(LGBT) ဟာလည်း ဘယ်လိုကာကွယ်စောင့်ရှောက်မှုတွေကိုမှ မရရှိဘဲ ဖိနှိပ်မှုတွေကိုသာ ရင် ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

မေ ၁၈ ရက်ညနေအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်က တက်ကြွ လှုပ်ရှားသူ LGBT တယောက်ကို အကြမ်းဖက်စစ်အုပ်စုက သေနတ်နဲ့ ချိန်ကာ ဖမ်းဆီး သွားခဲ့တယ်လို့ သိရှိရကြောင်းနဲ့ အကြမ်း ဖက်စစ်အုပ်စုဟာ ရိုးရိုးသာမန်အရပ်သားတွေ ကိုတောင် စစ်ကြောရေးကာလအတွင်း လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အပြုအမူတွေကို ကျူးလွန်ခဲ့ကြပြီး အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖမ်းဆီးခံထားရတဲ့ LGBT တွေအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေကို ဖော်ဆောင်နေပြီး တန်းတူအခွင့်အရေးတွေ ဆုံးရှုံးမှာလည်း အသေအချာဖြစ်တယ်လို့ အေအေပီပီက ဆိုပါ တယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အ သီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024