၅ ရက်အတွင်း ယာယီ ကုမ္ပဏီလိုင်စင်ကတ် ထုတ်ပေးမည်
DVB
·
November 14, 2013
ကုမ္ပဏီ ထူထောင်လိုသူတွေကို ၅ ရက်အတွင်း ယာယီ ကုမ္ပဏီလိုင်စင်ကတ် ထုတ်ပေးသွားမှာ ဖြစ်ပြီး ဒီကတ်ကို တရားဝင် ထူထောင်ထားတဲ့ ကုမ္ပဏီ လိုင်စင်ကတ်အဖြစ် အသုံးပြုနိုင်မယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများဆိုင်ရာ ဦးစီးဌာနရဲ့ ညွှန်ချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။
ဦးစီးဌာနအနေနဲ့ ကုမ္ပဏီတခု တည်ထောင်ရင် လိုင်စင်ရဖို့ ၂ လလောက် ကြာမြင့်နေတာ ကို ပြင်ဆင်ဖို့ လုပ်နေသလို ကြားကာလမှာ ကုမ္ပဏီ တည်ထောင်ရေးကိစ္စ ခုလို ဖြေလျော့ တာတွေ လုပ်ပေးတာလို့ ရှင်းပြပါတယ်။
ဒီမတိုင်ခင်တုန်းကလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ ကုမ္ပဏီတွေ မှတ်ပုံတင်ရင် ဖော်ပြရမယ့် ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမာဏ သတ်မှတ်တာကို ပယ်ဖျက်ပေးခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားကုမ္ပဏီ ၂ ထောင်ဝန်းကျင်၊ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ ၃ သောင်း ၇ ထောင် နီးပါးနဲ့ အများပိုင်ကုမ္ပဏီ ၁၀၈ ခု မှတ်ပုံတင်ထားပြီး ဖြစ်ပါတယ်။