
စစ်ကောင်စီ ဆက်အုပ်ချုပ်နေရင် ပြည်သူတစ်ယောက်မကျန် လက်နက်ကိုင်ကြလိမ့်မယ်လို့ ကေအိုင်အေသတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားလိုက်ပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် လူထုကို သီးခြားစည်းရုံးနေစရာမလိုဘဲ နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေထဲ လူထုကိုတိုင် ပါဝင်လာနေကြတယ်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
ဒါကြောင့် နေရာဒေသတစ်ခု၊ အဖွဲ့အစည်းတစ်ခုမှာတင် တော်လှန်ရေးအတွက် လာရောက်ပူးပေါင်းတဲ့ လူငယ်တွေဟာ ရာချီထောင်ချီရှိနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIO/KIA အနေနဲ့လည်း ပြည်တွင်းရော၊ ပြည်ပမှာရှိနေတဲ့ ပြည်သူအားလုံးနဲ့အတူ ရပ်တည် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး စစ်ကောင်စီပြုတ်ကျဖို့ အားလုံးဝိုင်းတိုက်ရမယ်လို့လည်းဆိုပါတယ်။
“ကျနော်တို့ ကေအိုင်အိုက ပြည်သူလူထုနဲ့ တသားတည်းရပ်တည်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ပြည်သူလူထုသာ အမိအဖဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအပေါ်မှာ ကျနော်သစ္စာရှိပါတယ်။ ပြည်သူလူထုဆိုတဲ့နေရာမှာ ကျနော်တို့ ကချင်တွေကိုပဲ ပြောတာမဟုတ်ဘူး။ ကချင်ပြည်နယ်က ပြည်သူလူထုကိုပဲပြောတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်တွင်းပြည်မှာရှိတဲ့ ပြည်သူလူထုအပေါ်မှာ ကျနော်တို့ သစ္စာရှိပါတယ်။ တသားတည်းရပ်တည်မှာပါ။ အဲဒါကြောင့် စစ်ကောင်စီတပ်တွေနဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးမှာတော့ အားလုံးပြည်သူလူထုနဲ့ လက်တွဲပြီးတော့မှ ဝိုင်းတိုက်ရမှာဖြစ်ပါတယ်”
ကချင်တော်လှန်ရေးအဖွဲ့ ကေအိုင်အေက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အလောဘွမ်တပ်စခန်းအနီးတစ်ဝိုက်မှာတော့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေငြိမ်သက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
စစ်ကောင်စီဘက်က သူတို့ ဆုံးရှုံးထားတဲ့ အလောဘွမ်စခန်းကုန်းကို ပြန်လည်ရရှိဖို့ ဝေဟင်၊ မြေပြင်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်ထိတော့ ကေအိုင်အေဘက်က ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတဘ်။
လတ်တလော အလောဘွမ်တဝိုက် တိုက်ပွဲငြိမ်နေတာဟာ စစ်ကောင်စီဘက်က ဗျူဟာပြောင်းဖို့စဉ်းစားနေတာဖြစ်နိုင်သလို တိုက်ပွဲဖြစ်နေတဲ့ တခြားနေရာတွေကို စစ်ကူပို့နေရတာကြောင့် ထိုးစစ်ဆင်တာတွေမလုပ်နိုင်တာလည်းဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
စစ်ကောင်စီဘက်က ရေကြောင်းထောက်ပို့တွေကိုလည်း ကေအိုင်အေဘက်က ကြားဖြတ်ဟန့်တားတာတွေ ဒီရက်ပိုင်းမှာ ဆက်တိုက်တွေ့နေရပါတယ်။