မိုင်းဖုန်းဆရာတော် မြန်မာပြည်ပြန် သီတင်းသုံးမည်
DVB
·
November 14, 2013
ထိုင်းနိုင်ငံ၌ သီတင်းသုံးနေတဲ့ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရဟာ နိုဝင်ဘာလ ၁၅ရက် နံနက် ၉နာရီမှာ မြန်မာနိုင်ငံကို ပြန်လည် ပင့်ဆောင်မှာ ဖြစ်ပါတယ်။
ထိုင်းမြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားကနေ မြန်မာပြည်ကို ပြန်လည် ကြွချီမှာ ဖြစ်ပြီး နဂါး ၂ ကောင်ကျောင်းတိုက်မှာ ခေတ္တ အပူဇော်ခံမှာ ဖြစ်တယ်လို့ တာချီလိတ် အွန်လိုင်း သတင်းမှာ ရေးပါတယ်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖုန်းဒေသ၌ သီတင်းသုံးခဲ့တဲ့ မိုင်းဖုန်း ဆရာတော်ဟာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကနေ ထွက်ခွာပြီး ထိုင်းနိုင်ငံမှာ ၉ နှစ် နီးပါး သီတင်းသုံးခဲ့ရာက အခု မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ပြန်ကြွလာတာလည်း ဖြစ်ပါတယ်။
အရင်က ဆရာတော်ရဲ့ သီတင်း သုံးခဲ့တဲ့ မိုင်းဖုန်းကျောင်းကို ချိတ်ပိတ်ထားတာကိုလည်း ပြန်လည် ဖွင့်လှစ်ပြီး ပြုပြင်မွမ်းမံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဆရာတော်ဟာ ငယ်စဉ်ဘ၀ကတည်းက တရားဓမ္မကို ကျင့်ကြံပွားများ အားထုတ်တာ အကျင့်သီလ မြဲမြံတာတွေကြောင့် မြန်မာနိုင်ငံက ရှမ်းလူမျိုးတွေနဲ့ ထိုင်းနိုင်ငံမှာ ကြည်ညို ကိုးကွယ်ခံရတဲ့ ဆရာတော်လည်း ဖြစ်ပါတယ်။ မကြာသေးမီက ဆရာတော်ဟာ ၃ နှစ်ကျော် ဂူပိတ်ကာ ကျင့်ကြံ ပွားများ အားထုတ်ခဲ့ပါတယ်။
မိုင်းဖုန်းဆရာတော်ကို ပြန်လည် ပင့်ဆောင်နိုင်ဖို့အတွက် ရှမ်းပြည်နယ်က ပြည်သူ့လွှတ်တော်အမတ်တွေက ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယအကြိမ် ပုံမှန် အစည်းအဝေးမှာ ဆရာတော်ကို မိုင်းဖုန်းရွှေတြိဂံဒေသဘက်သို့ ပြန်လည် ပင့်ဆောင် ကိုးကွယ်ဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တာကို ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာနက ကန့်ကွက်ရန် အစီအစဉ်မရှိတဲ့အကြောင်း ဖြေကြားခဲ့ပါ တယ်။