ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်ထဲကို တခြားခရိုင်တွေ အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်မှု အနီရောင်အဆင့်ဖြစ်နေတဲ့ ခရိုင်ကရွှေ့ပြောင်းလုပ်သားတွေ ဝင်ရောက်လာမှု ခွင့်မပြုကြောင်း ခရိုင်ကူး စက်ရောဂါထိန်းချုပ်ရေးအဖွဲ့က မေလ ၁၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အဆိုပါရွှေ့ပြောင်းလုပ်သားတွေမှာ မြန်မာ ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေဖြစ်ပြီး၊ သူတို့ဟာ လက်ရှိ ကိုဗစ်-၁၉ ကူးစက်မှုအနီရောင်ဖြစ်နေတဲ့ ၄၅ ခရိုင်က လာတယ်ဆိုရင် ဝင်ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
လုပ်ငန်းအရ မိမိအလုပ်ရှင်နဲ့အတူ ဝင်ရောက်လာရမယ်ဆိုရင်လည်း သက်ဆိုင်ရာ အလုပ်ရှင်က မိမိမြို့နယ်တွင်းရှိ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနဆီမှာ ၅ ရက်ကြိုတင်အကြောင်းကြားရမှာဖြစ်ပြီး အဲဒီကထောက်ခံစာပါမှ ဝင်ခွင့်ရမယ်လို့ ဆိုပါတယ်။
အခုလို ရွှေ့ပြောင်းလုပ်သားတွေကို သီးသန့်ဝင်ခွင့်ကန့်သတ်လိုက်တဲ့အပေါ်မှာ “ ကိုဗစ်-၁၉ က ရွှေ့ပြောင်းလုပ်သားမှာပဲ ရှိတာလား ထိုင်းတွေမှာမဖြစ်ဘူးလား”။ ” ရွှေ့ပြောင်း လုပ်သားလည်းလူပဲ ထိုင်းလည်းလူပဲ ကိုဗစ်-၁၉ ကလူမရွေးဘူး ”။ “ လာအိုနိုင်ငံသားတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရပြီနော်”။ “တခြားခရိုင်ထက်စာရင် ချင်းမိုင်ခရိုင်ကမှ နယ်စပ်တွေရှိလို့ ပိုတောင်စိုးရိမ်ရသေး”၊ “ကိုဗစ်က လူရွေးပြီးကူးလို့လား” စသဖြင့် ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။
ချင်းမိုင်ခရိုင်မှာ ဒီကနေ့ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာသစ် ၁၀ ဦးတွေ့ရှိပြီး စုစုပေါင်း ၃၉၇၀ ဦးရှိသွားပြီဖြစ်ပါတယ်။ ချင်းမိုင်ခရိုင်အကျည်းထောင်ထဲမှာလည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၀၀ ကျော်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းတနိုင်ငံလုံးအနေနဲ့တော့ ဒီကနေ့ မေလ ၁၄ ရက်နေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၉၆၀၅၀ ဦး၊ သက်သာပျောက်ကင်းသူ ၆၂၃၁၆ ဦး နဲ့ သေဆုံးသူပေါင်း ၅၄၈ ဦးရှိပါတယ်။