
ဆဌမထပ်နဲ့ အထက် အခန်း ၄၀ ရာခိုင်နှုန်း နိုင်ငံခြားသားကို လွှဲပြောင်းခွင့်ရှိတဲ့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းကို အများပြည်သူ လေ့လာနိုင်အောင် နိုင်ငံပိုင် သတင်းစာတွေကနေ တဆင့် ဒီနေ့ ထုတ်ပြန်ကြေညာပေးလိုက်ပါတယ်။
ဒီ ဥပဒေကြမ်းအရ အရင်ဆောက်ခဲ့ပြီးတဲ့ ကွန်ဒိုတွေနဲ့ ပတ်သက်ရင် သက်ဆိုင်ရာမှာ သွားပြီး မှတ်ပုံတင်ထားမှ ဥပဒေ သက်ရောက်မှုရှိမယ်လို့ ဆိုထားတဲ့အချက်ကို ကွန်ဒို ၀ယ်ယူနေထိုင်သူတွေက အထူးဝေဖန်နေကြကြောင်း ဒဂုံမြို့နယ်က ကွန်ဒိုတိုက်ခန်းမှာ နေထိုင်သူ ဦးဇော်ဇော်ဦးက ပြောပါတယ်။
ဒီအချက်ကြောင့် အရင် ကွန်ဒိုဆောက်ခဲ့တဲ့ လုပ်ငန်းရှင်သူဌေးကြီးတွေဟာ သူတို့ ကွန်ဒိုကို သွားမှတ်ပုံမတင်ဘူးဆိုရင် တိုက်ခန်းဝယ်ယူနေထိုင်သူတွေ ဘာအခွင့်အရေးမှ ရမှာ မဟုတ်ဘူးလို့ သူက ရှင်းပြပါတယ်။
ကွန်ဒိုနေထိုင်သူတွေကတော့ အခု ဥပဒေကြမ်းအတွက် အစိုးရဟာ လုပ်ငန်းရှင် သူဌေးကြီးတွေနဲ့ တွေ့ဆုံ ညှိနှိုင်းပြီး ရေးဆွဲထားတာ ဖြစ်တယ်။
စုပေါင်းတိုက်ခန်းနေထိုင်သူတွေရဲ့ သဘော ဆန္ဒမပါဘူး။ ဒါကြောင့် ဥပဒေကြမ်းပါ ပုဒ်မ ၅ အပါအ၀င် အချက်တချို့ကို ပြုပြင်ရမယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။










