စလေ ဓာတ်မြေသြဇာစက်ရုံက အရာထမ်း ၁၇ ယောက်နဲ့ အမှုထမ်း အယောက် ၂၃၀ စုစုပေါင်း နိုင်ငံဝန်ထမ်း ၂၄၇ ယောက်ကို အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က အလုပ်ကနေ ထုတ်ပစ်လိုက်ပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE)၊ အမှတ် ၁ ဓာတ်မြေသြဇာစက်ရုံ (စလေ)က အရာထမ်းအမှုထမ်းတွေကို နိုင်ငံ့ဝန်ထမ်းညွှန်ကြားချက်တွေ ပျက်ကွက်မှုကြောင့် ဧပြီလ ၂၈ ရက်ကစပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်တယ်လို့ ဦးဆောင်ညွှန်ကြားရေးမှူး (ကိုယ်စား) ညွှန်ကြားရေးမှူး ကိုကိုအောင်က လက်မှတ်ထိုး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ဌာနဆိုင်ရာ အသီးသီးရှိ ပြည်သူ့ဘက်တော်သားတွေက စစ်ကောင်စီကိုအာဏာဖီဆန် CDM လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီက CDM က ဖမ်းဆီးတာ၊ အမှုဖွင့်အရေးယူတာ၊ ရာထူးတာဝန်က ရပ်ဆိုင်းတာ စသဖြင့်တဖက်ကလုပ်ဆောင်နေသလို ရုံးပြန်တက်ကြဖို့လည်း ပုံစံမျိုးစုံနဲ့ဖိအားပေး လုပ်ဆောင်နေပါတယ်။