
ပြည်ပပို့ကုန်တွေအပေါ် အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့က ကြိုတင်ဝင်ငွေခွန် ပြန်လည်ကောက်ခံနေပြီလို့ ကုန်သည်တွေက ပြောပါတယ်။
ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်တာတွေကို သက်သာစေဖို့ရည်ရွယ်ပြီး ပို့ကုန်လုပ်ငန်းတွေအပေါ် ကြိုတင်ဝင်ငွေခွန် ၂ရာခိုင်နှုန်းကောက်ခံတာကို ကိုဗစ်-၁၉ စဖြစ်ခဲ့တဲ့ ၂၀၂၀ ဧပြီလကတည်းက စီးပွားကူးသန်း ဝန်ကြီးဌာနက ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။
နောက်ပိုင်းမှာ ဖြေလျှော့တာကို လစဉ်ကြေညာချက်ထုတ်ပြီး သက်တမ်းတိုးပေးခဲ့ပါတယ်။ အခု မေ ၁ ရက်နေ့မှာတော့ ပို့ကုန်တွေအပေါ် စစ်ကောင်စီက ကြိုတင်ဝင်ငွေခွန်ပြန်လည်ကောက်ခံနေတယ်လို့ မူဆယ်အခြေစိုက်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ပို့ကုန်တွေအပေါ်ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ကုန်သည်တွေဆီက ကောက်ခံတာဖြစ်ပေမယ့် ကုန်သည်တွေက တောင်သူတွေဆီက ကုန်ပြန်ဝယ်ရင် အခွန်ကိုပါ တွက်ပြီးဈေးလျှော့ဝယ်ယူတာဖြစ်တဲ့အတွက် အကျိုးသက်ရောက်မှုကို တောင်သူတွေကပဲ ခံစားရတာဖြစ်တယ်လို့ ကုန်သည်တစ်ဦးကပြောပါတယ်။
ပို့ကုန်တွေအပေါ် ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးတာဟာ ကိုဗစ်ကာလမှာ ပြည်သူတွေကြပ်တည်းတာကို ကူညီဖြေလျှော့ပေးနိုင်ဖို့ NLD အစိုးရက အခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ပြည်သူ့ထံမှငွေတွေကို နည်းလမ်းမျိုးစုံနဲ့ ရရှိအောင်ကြိုးပမ်းနေပြီး အခွန်တွေကိုလည်း ပြန်လည် ကောက်ခံလာတာ ဖြစ်ပါတယ်။