Home
မြန်မာသတင်း
လယ်တီသိမ် အနည်းငယ်သာ ထိခိုက်ဟုဆို
DVB
·
November 9, 2013
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း မိုင်းခွဲမှုတွေကြောင့် လယ်တီသိမ်ကျောင်း အက်ကွဲခြင်း ရှိမရှိ  ဒီနေ့ သွားရောက်ကြည့်ရှုခဲ့ပြီး အနည်းငယ်သာ ထိခိုက်မှု ရှိတယ်လို့ သပိတ်စခန်း ဆန္ဒပြ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစန္ဒာသီရိက ပြောပါတယ်။ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ သပိတ်စခန်းကနေထွက်ပြီး သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဦးဇင်းက ပြောပါတယ်။ [caption id="attachment_46165" align="alignright" width="300" caption="သံဃာတော်များနှင့် တာဝန်ရှိသူများ မနေ့က ဆွေးနွေးစဉ်"][/caption] “သပိတ်စခန်းက သံဃာ ၇ ပါးနဲ့ သူတို့ဘက်က ၂ ပါး ၀င်ရောက်ကြည့်ရှုခွင့် ရခဲ့တယ်။ သိမ်ရဲ့အခြေအနေက မိုင်းဒဏ်ကြောင့် ဘုရားအနည်းငယ်နဲ့ သိမ်အထက်ပိုင်း အနည်းငယ်အက်တဲ့ဒဏ်ရာတွေပဲ တွေ့ရတယ်။” လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း မိုင်းခွဲမှုတွေကြောင့် လယ်သီသိမ်ကျောင်း အက်ကွဲသွားတယ်လို့ ကြားသိရတဲ့အတွက် ကြည့်ရှုခွင့်ရရေးအတွက် သံဃာတော်တွေနဲ့ ဒေသခံတွေဟာ  ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကတည်းက အင်းကြင်းတောင်ပေါ်မှာ သပိတ်စခန်း ဖွင့်လှစ်ဆန္ဒပြနေကြတာပါ။ မနေ့ကတော့ သပိတ်စခန်းက သံဃာတော် ၆ ပါး နဲ့ ဒေသခံအချို့ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလို ကြည့်ရှုခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ အာဏာပိုင်တွေဘက်က စစ်ကိုင်းတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်၊ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး၊ တိုင်းသာသနာရေးဦးစီးမှူးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ပါဝင်ပါတယ်။ ဗိုလ်မှူးကြီး ကြည်နိုင်က သပိတ်စခန်း သွားရောက်ကြည့်ရှုခွင့် ပြုပြီးဖြစ်လို့ ဥပဒေနဲ့ မညီညွတ်တဲ့ သပိတ်စခန်းကို ပြန်လည်ရုပ်သိမ်းပေးဖို့လည်း မနေ့က သံဃာတော်တွေကို တောင်းဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးစန္ဒာသီရိက “ဦးဇင်းတို့ မနက်ဖြန်ကျမှ သပိတ်စခန်း ဘယ်လိုသိမ်းမယ်ဆိုတာ ဆရာတော်တွေရော၊ ဒေသခံတွေရောနဲ့ ဆွေးနွေးပြီးမှ လုပ်ရမှာပေါ့။ မနက်ဖြန်လည်း ၀င်ရောက်ပြီး ကြည့်ရှုဖို့ အဖွဲ့တွေလည်း ရှိပါသေးတယ်။ အဲဒါတွေလည်း စောင့်ကြည့်ပြီးတော့ ပိတ်သိမ်းသင့်မသင့် စဉ်းစားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် မနေ့က ဆွေးနွေးပွဲမှာ  နောက်ပိုင်း ကြေးနီစီမံကိန်းဧရိယာတွင်း မိုင်းခွဲမှုကြောင့် သိမ်ကျောင်းတော် အက်ကွဲသွားတယ်လို့ သတင်းကြားခဲ့ရင် အရေးပေါ်အခြေအနေအရ သွားရောက် စစ်ဆေးခွင့် ပြုဖို့ သံဃာတော်တွေက တောင်းဆိုခဲ့တာကိုလည်း ဗိုလ်မှူးကြီးကြည်နိုင်က အထက်ကို တင်ပြပေးပါမယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024