ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်နဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (K.D.D.F) ကို ဖွဲ့စည်းလိုက်ပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ကျောက်ဆည်ဒေသ ပြည်သူတွေပိုင်ဆိုင်တဲ့ အသက်အိုးအိမ်စည်းစိမ်ပစ္စည်း စားသောက်ရိက္ခာတွေကို ဖျတ်ဆီးလုယက်တာ၊ အပြစ်မဲ့ ပြည်သူတွေကို ဥပဒေမဲ့ဖမ်းဆီးပြီး ငွေကြေးနဲ့ ပြန်ရွေးခိုင်းကာ ပြန်ပေးဆွဲတာ စတာတွေပြုလုပ်နေတာကြောင့် ပြည်သူကို ကာကွယ်ဖို့ အခုလို ဖွဲ့စည်းလိုက်တာလို့ ပါဝင်တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြလူထုသပိတ်စစ်ကြောင်းတွေကို ကျောက်ဆည်မှာ ရက်ရှည်ကာလကြာပြုလုပ်ခဲ့သလို လက်ရှိမှာတော့ ကျောက်ဆည်ခရိုင် မြို့နယ်တွေရဲ့ မဖြစ်မနေ လိုအပ်ချက်အရ KDDF ကို အများသဘောတူညီချက်အရ လူအင်အား ၆၅၀ ကျော်နဲ့ စတင်ဖွဲ့စည်းခဲ့တယ်လို့လည်း ပြောပါတယ်။
စည်းလုံးခြင်းသည်အင်အားဆိုတဲ့စကားအတိုင်း ကျောက်ဆည်ဟာ စည်းလုံးနေမယ်ဆိုရင် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဖို့ အင်အားတစ်ခုဖြစ်ပါလိမ့်မယ်။ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ကျန်ရှိတဲ့လူငယ်တွေအနေနဲ့ K.D.D.Fမှာ လာရောက် ပူးပေါင်းပါဝင်ပေးကြပါလို့လည်း ဖိတ်ခေါ်ထားပါတယ်။
K.D.D.Fဟာ စစ်အာဏာရှင်ကို ပုံစံအမျိုးမျိုးနဲ့ တော်လှန်နေတဲ့ Gen-X.Y.Z အားလုံးဖွဲ့စည်းထားတဲ့တပ်ဖွဲ့ ဖြစ်ပြီး အာဏာသိမ်း အကြမ်းဖက်သမားတွေ ကျရှုံးသွားတဲ့အထိ တော်လှန်တိုက်ခိုက်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပေါ်ပေါက်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။