Live
Home
မြန်မာသတင်း
တအာင်းပလောင်တပ်နှင့် အစိုးရတပ်ကြား တပတ်အတွင်း ပစ်ခတ်မှု ၅ ကြိမ် ဖြစ်ပွား
နန်းမြနဒီ
·
November 7, 2013
ကချင်ပြည်နယ် လိုင်ဇာနဲ့ မြစ်ကြီးနားမှာ တပြည်လုံး အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲတွေ ကျင်းပနေတဲ့အချိန်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့  တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ)နဲ့ အစိုးရတပ်ကြား ပစ်ခတ်မှုတွေ ၅ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပါတယ်။ [caption id="attachment_46077" align="alignleft" width="300" caption="Photo by TNLA"][/caption] အောက်တိုဘာ ၂၈ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့ထိ  ၁၀ ရက်တာ ကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ မိုင်းယုနဲ့ ကွတ်ခိုင်မြို့နယ်တွေထဲမှာ အစိုးရတပ်နဲ့ ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့က မိုင်းယုမြို့နယ် စလန်းတောင်ကုန်းမှာ၊ ၃၀ ရက်နေ့က နမ့်ဆန်နဲ့ ကျောက်မဲကြားမှာရှိတဲ့ ပါလျဲန်းရွာအနီး၊  ၃၁ ရက်နေ့က မန်တုံမြို့နယ်၊ နိုဝင်ဘာ ၂ ရက်က ကွတ်ခိုင်မြို့နယ်နဲ့ နိုဝင်ဘာ ၅ ရက်နေ့က ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စု ဂျုံနန်းရွာနားမှာ ထိတွေ့ပစ်ခတ်မှုတွေရှိခဲ့ပြီး အဲဒီပစ်ခတ်မှုတွေမှာ အင်္ဂါနေ့ ညနေပိုင်း ပစ်ခတ်မှု ကတော့  အပြင်းထန်ဆုံးပဲလို့  တအာင်းတပ်မတော် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်ဘုန်းကျော်က ပြောပါတယ်။ “ဘာကြောင့်ဖြစ်ရသလဲဆိုတော့ ကျနော်တို့နေတဲ့ တပ်စခန်းကို အစိုးရဘက်က ထိုးစစ်တွေ အင်အား ၃၀၀ ကျော်နဲ့ တခါတည်း ထိုးပြီး တက်လာတယ်။ လက်နက်ကြီးတွေ တခါတည်း ဆက်တိုက်ပစ် ပစ်လိုက်၊ နားလိုက် ပစ်လိုက်၊ နားလိုက်နဲ့ လူတွေ အလုံးအရင်းတက်လာပြီးတော့ ထိုးစစ်ဆင်တော့ ကျနော်တို့ကလည်း ပြန်ခံပစ်ရတာပေါ့။ သူတို့တက်လာတော့ လက်နက်ကြီးတွေနဲ့ ထိုးပြီး တက်တယ် ပစ်လိုက် နားလိုက် ပစ်လိုက်တက်လိုက်နဲ့ မှောင်တဲ့အချိန် ၅ နာရီလောက်မှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲက တော်တော်ကို ပြင်းထန်ပါတယ်။ အဲဒီမှာ ဆက်တိုက်ပစ်ရင်းနဲ့ သူတို့ ကျနော်တို့ နေတဲ့နေရာအထိတော့ မရောက်လာဘူး။ မိုးချုပ်တဲ့အချိန်မှာ သူတို့လည်း အခြားနေရာမှာ နားတဲ့သူနား ပြီးတော့ ဂျုံနန်းရွာထဲမှာ ၀င်နားတဲ့သူနား။ သူတို့ လောလောဆယ်မှာ လူစုခွဲနေပါတယ်။ မနေ့ကတော့ အခြေအနေက အဲဒီမှာပဲ အဆုံးသတ်လိုက်တယ်။” သူတို့ဘက်က တပ်ဆုတ်ပေးလိုက်လို့ ပစ်ခတ်မှုတွေ ငြိမ်သွားပေမယ့် အစိုးရတပ် ဘက်ကတော့ သူတို့ရောက်ရှိတဲ့ တောင်ကုန်းမှာ ဆက်ပြီး နေရာယူထားလို့ အချိန်မရွေး ပစ်ခတ်မှု ပြန်ဖြစ်နိုင်ကြောင်း တအာင်းတပ်မတော်က ပြောပါတယ်။ ဒီသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ အစိုးရတပ်ဘက်က ၁၀ ဦးထက်မနည်း ကျဆုံးခဲ့ပြီး သူတို့ဘက်ကလည်း ထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တီအဲန်အယ်လ်အေဟာ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့  ပြီးခဲ့တဲ့ ဇူလိင်လ ၃၁ ရက်နေ့က မူဆယ်မြို့မှာ ပထမအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီးတဲ့နောက်ပိုင်း ထိတွေ့ပစ်ခတ်မှု အကြိမ်ပေါင်း ၃၀ ကျော် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားတိုင်း မြန်မာငြိမ်းချမ်းရေးစင်တာကို စာရေးအကြောင်းကြား ထားပေမယ့် ဟိုဘက်က ဘာမှ အကြောင်းမပြန်သေးဘူးလို့ ဆိုပါတယ်။ ရှမ်းပြည်မြောက်ပိုင်း နမ္မတူ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ မန်တုံနဲ့ နမ့်ခမ်း  အစရှိတဲ့ မြို့နယ် ၅ ခုထဲက တအာင်းတပ်မတော်လှုပ်ရှားရာ နယ်မြေတွေမှာ စကခ ၁ နဲ့ စကခ ၁၆ လက်အောက်ခံ အစိုးရတပ်အင်အား ၃ ထောင်လောက်လည်း ၀င်ရောက် လှုပ်ရှားနေပြီး  အဲဒီတပ်တွေသာ ရှေ့ဆက်မလာဘဲ မိခင်တပ်ရင်းကို ပြန်သွားမယ်ဆိုရင် ပစ်ခတ်မှုတွေ ဖြစ်ပွားစရာ အကြောင်းမရှိဘူးလို့ ဗိုလ်မှူးကြီးမိုင်ဘုန်းကျော်က ပြောပါတယ်။ အစိုးရနဲ့ နောက်တကြိမ် အပစ်အခတ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ညှိနှိုင်းနေတဲ့ ကာလ ပစ်ခတ်မှုတွေ ထိန်းချုပ်နိုင်ရင်  တဘက်နဲ့တဘက် ယုံကြည်မှု ရရှိမှာဖြစ်သလို  လာမယ့်  ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊  နိုင်ငံရေးဆွေးနွေးပွဲတွေကိုလည်း အဆင်ပြေပြေ ဆွေးနွေးနိုင်မယ်လို့ တအာင်းတပ်မတော်ဘက်က ပြောသွားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024