ကချင်ပြည်နယ်၊ မြစ်ကြီးနား - ဗန်းမော်လမ်းမပေါ်ရှိ နွမ်လန်ကျေးရွာအတွင်း ဧပြီ ၂၉ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ရွာသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပြီး နွမ်လန်ကျေးရွာ အတွင်းမှာလက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာမှာ အမျိုးသားတစ်ဦး သေဆုံးပြီး အသက်(၂၇) အရွယ် အမျိုးသမီးငယ် တစ်ဦးလည်း ထိခိုက် ဒဏ်ရာရရှိပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့သိရပါတယ်။
နွမ်လန်ကျေးရွာမှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက “ဒီနေ့ ညနေ ၂ နာရီကျော်လောက် လာကျတာ၊ သေဆုံးတဲ့ အမျိုးသားက အိမ်အပြင်မှာ ရှိနေတဲ့အချိန် ဖြစ်တာ၊ သူ့ချွေးမကတော့ မီးဖိုချောင်မှာ ထမင်းချက်နေရင်းတဲ့ချိန်မှာဖြစ်တာ၊ ချွေးမကတော့ လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာပြင်းထန်တယ်” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီးငယ်ကိုတော့ လူမှုကူညီရေးအဖွဲ့တွေ အကူအညီနဲ့ ဗန်းမော်မြို့ လေးမိုင်မှာရှိတဲ့ တပ်မတော် စစ်ဆေးရုံကိုပို့ထားတယ်လို့သိရပါတယ်။
အခုညနေပိုင်းအချိန်အထိ ကျေးရွာ ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေလက်ဆက် ဖြစ်ပွားနေပြီး ကျေးရွာတွေပေါ်မှာ လက်နက်ကြီးတွေ ထပ်မံ ကျရောက် ပေါက်ကွဲမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။
နွမ်လန်းကျွေးရွာဟာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကုန်းလော၊ မြို့သစ်တို့နဲ့ သုံးမိုင်အကွာမှာရှိတဲ့ ကျေးရွာဖြစ်ပါတယ်။ တိုက်ပွဲကြောင့် နွမ်လန်းကျေးရွာသားတွေ မိုးမောက်မြို့ဘက်ကို စစ်ရှောင်သွားကြတယ်လို့လည်းသိရပါတယ်။