စစ်အာဏာရှင်လက်အောက် စားသောက်ရေးခက်ခဲလာတဲ့ မြန်မာပြည်သူတွေကို ကူညီဖို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က မြန်မာနိုင်ငံမှာ အကြီးဆုံး ထောက်ပံ့ရေး စီမံကိန်းကို စတင်လိုက်ပါတယ်။
WFPဟာ မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေနဲ့ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ နေရပ်ရွှေ့ပြောင်းနေထိုင်တာတွေဖြစ်ခဲ့တဲ့ တခြားဒေသတွေက ဆင်းရဲနွမ်းပါးတဲ့မြို့နယ်တွေမှာ နေထိုင်နေကြတဲ့ ထိခိုက်လွယ်သူ လူဦးရေ သိန်း ၂၀ ကျော်အတွက် စားနပ်ရိက္ခာအထောက်အပံ့ စီမံချက်အသစ်တခုကို စတင်လိုက်တာပါ။
ဒီမတိုင်ခင်ကလည်း ရခိုင်၊ ကချင် စတဲ့ဒေသတွေမှာ WFP က ထောက်ပံ့နေတာတွေရှိလို့ ရည်မှန်းချက်တခုလုံးဖြစ်တဲ့ လူဦးရေ ၃၃ သိန်းကျော်ဟာ မြန်မာနိုင်ငံမှာ WFP ရဲ့ အကြီးဆုံး စီမံကိန်းတခုဖြစ်တယ်လို့ WFP တာဝန်ရှိသူတယောက်က ပြောပါတယ်။
"အခု ရန်ကုန်က မြို့နယ်တချို့မှာ စတင်ထောက်ပံ့နေပါပြီ။ ပြီးရင် မန္တလေး စတဲ့ မြို့တွေမှာလည်း ဆက်လက်ထောက်ပံ့ပါမယ်။ အခုက မိသားစုတစုအတွက် တလစာ ဆန် ၅၀ ကီလိုဂရမ် (၂၄ ပြည်)စီပေးပါတယ်။ နောက်ပိုင်းမှာ တခြား အာဟာရထောက်ပံ့တာတွေလည်း ရှိလာပါမယ်" လို့ ဆိုပါတယ်။
ဒီအစီအစဉ်ကနေ အများအားဖြင့်ကတော့ ရန်ကုန်တိုင်းရဲ့ ဆင်းရဲနွမ်းပါးမှုအမြင့်မားဆုံး မြို့နယ် ၁၀ မြို့နယ်မှာ လစဉ် ထောက်ပံ့ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။
လာမယ့် ၆ လအတွင်း မြန်မာနိုင်ငံ တဝန်း မြို့ပြဒေသနေထိုင်သူအများစုပါဝင်တဲ့ ထပ်တိုးလူဦးရေ ၃၄ သိန်း သန်းကျော်ဟာ အငတ်ဘေးရင်ဆိုင်ရနိုင်တယ်လို့ WFP က ခန့်မှန်း ထုတ်ပြန်ထားပါတယ်။