DVB Logo
Home
မြန်မာသတင်း
ရုရှားနှင့်တရုတ် ထုတ်ကုန်နဲ့တင်လုံလောက်နေပြီဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော
DVB
·
April 26, 2021
ရုရှားနှင့်တရုတ် ထုတ်ကုန်နဲ့တင်လုံလောက်နေပြီဟု  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော
Donate to DVB

အမေရိကန်ကြီးစိုးတဲ့ခေတ်ကုန်သွားပြီဖြစ်ပြီး  ရုရှားနိုင်ငံလုပ်နဲ့  တရုတ်နိုင်ငံလုပ် ထုတ်ကုန် တွေနဲ့တင် လုံလောက်နေပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရုရှားသတင်းဌာန RIA နဲ့ အင်တာဗျုးမှာ ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံက ပြုလုပ်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကြောင့်  မြန်မာ လူမျိုးတို့ရဲ့ နေ့စဉ်လူနေမှုဘဝကို ထိခိုက်နေပါသလားလို့ ရုရှားသတင်းဌာနရဲ့ မေးမြန်းချက်ကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြားသွားတာဖြစ်ပါတယ်။

“ယခု ကမ္ဘာဟာ အမေရိကန်ကြီးစိုးတဲ့ခေတ် မဟုတ်တော့ပါဘူး။ Made in Russia, Made in China ဆိုတဲ့ထုတ်ကုန်တွေလည်း ကမ္ဘာကို ပတ်နေကြပြီ ဖြစ်ပါတယ်။ ကျနော်တို့ အတွက် ဒီထုတ်ကုန် တွေနဲ့တင် လုံလောက်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ လက်ရှိစီးပွားရေး ကျဆင်းနေတာဟာ ဒီကန့်သတ်ပိတ်ဆို့မှုတွေကြောင့်ဆိုတာထက် ကူးစက်ရောဂါကပ်ဘေးကြောင့်က ပိုများပါတယ်။” လို့ ဖြေကြားသွားပါတယ်။

အနောက်နိုင်ငံတွေအနေနဲ့ အန်အယ်လ်ဒီပါတီဝင်တွေကတစ်ဆင့် မြန်မာပြည်သူတွေ အပေါ်မှာ တရုတ်မုန်းတီးရေးဝါဒတွေကို မှိုင်းတိုက်သွတ်သွင်းခဲ့ကြပြီး အန်အယ်လ်ဒီ ပါတီအနေနဲ့ ကျရှုံးသွားချိန်မှာ သူတို့ရဲ့ စိတ်ရင်းအမှန်တွေဟာ ထွက်ပေါ်လာခဲ့ပြီး တရုတ်မုန်းတီးရေးနဲ့ ရုရှားမုန်းတီးရေးတို့ကို ထုတ်ဖော် ဆောင်ရွက်လာခဲ့ကြတာလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက စွပ်စွဲပြောကြားသွားပါတယ်။

အခုလို အခွင့်အခါကြုံကြိုက်တုန်းမှာ ရုရှားနိုင်ငံသားအားလုံးနဲ့ တရုတ်နိုင်ငံသားအားလုံးကို မြန်မာနိုင်ငံအစိုးရအနေနဲ့ ကျေးဇူးအထူးတင်ရှိကြောင်း၊ ရုရှားနိုင်ငံကနေ စစ်လက်နက်ဝယ်ယူရေး စာချုပ်အသစ်တွေ ဇန်နဝါရီလတုန်းက ရုရှားကာကွယ်ရေးဝန်ကြီး Army General Shoiguရဲ့ ခရီးစဉ်အတွင်း ချုပ်ဆိုနိုင်ခဲ့ပြီး  ထပ်မံချုပ်ဆိုတဲ့ စာချုပ် အသစ်တွေ မရှိသေးကြောင်းနဲ့ ရုရှားနိုင်ငံထုတ် Sputnik-V ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဝယ်ယူသွားဖို့ အစီအစဉ်ရှိကြောင်းလည်း ပြောပါတယ်။

Sputnik-V ကာကွယ်ဆေးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုးမထိုးနဲ့ ပတ်သက်လို့  တိတိကျကျ အဖြေမပေးနိုင်ကြောင်းနဲ့ ကိုယ်တိုင်တော့ ရုရှားကာကွယ်ဆေးမထိုးဘဲ အိန္ဒိယကာကွယ်ဆေးကိုပဲ ထိုးတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013