သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေး

အာဏာသိမ်းအကြမ်းဖက်အဖွဲ့ရဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ကို ဧပြီ ၂၆ ရက်က နေပြည်တော်ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ Video Conferencing နဲ့ ရုံးထုတ်စစ်ဆေးပါတယ်။

ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရဖို့   တောင်းဆိုခဲ့တယ်လို့ ဒီမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ကျနော်တို့ ရှေ့နေတွေကလည်း ဒီဥစ္စာနဲ့ပတ်သက်လို့ မဖြစ်မနေဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။ အဲဒါကြောင့်မို့ ရှေ့နေတွေ့လည်း တင်ထားတာရှိပါတယ်။ အဲဒါကြောင့် ဒါကို ဆောင်ရွက်နေပါတယ်။ တွေ့ဆုံခြင်းဆိုတဲ့ အလုပ်ကို မဖြတ်သန်းဘဲနဲ့ လုပ်လို့မရဘူး။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြပါတယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကိစ္စကိုပဲ ထပ်ပြီးတောင်းဆိုပါတယ် ” လို့ ပြောပါတယ်။

မေလ ၁၀ ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုလိုက်ပြီး အဲဒီနေ့ ရုံးချိန်းမှာပဲ ရှေ့နေနဲ့ စွပ်စွဲခံရသူ အမှုသည်တွေ တွေ့ဆုံဖို့ကိစ္စ ရဲဘက်က တင်ပြရမယ်လို့ သိရပါတယ်။

အခုလို ရှေ့နေနဲ့ စွပ်စွဲခံရသူ အမှုသည်တွေ တွေ့ဆုံခွင့်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း တောင်းဆိုလာသလို ဒါဟာ အမှုသည်ရဲ့ အခွင့်အရေး၊ စွပ်စွဲခံရသူတစ်ယောက်ရဲ့ အခွင့်အရေးလည်း ဖြစ်တဲ့အတွက်ကြောင့် အဲဒီ အခွင့်အရေးကိုတော့ မရ ရအောင်ယူပေးဖို့ တာဝန်ရှိတဲ့အတွက် လုပ်စရာရှိတာ ဆက်လုပ်သွားမယ်လို့ ရှေ့နေတွေက ဆိုပါတယ်။

ဒီနေ့ရုံးချိန်းမှာ အမြင်အားဖြင့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ရဲ့ ကျန်းမာရေး ကောင်းမွန်ပုံပေါ်သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ အနည်းငယ်ပိန် သွားတာကလွဲပြီး ကျန်းမာရေးကောင်းမွန်ပုံပေါ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ တွေ့ဆုံခွင့်ကို ကိုဗစ်ရောဂါကြောင့် တွေ့ဆုံခွင့် ပေးဦးမှာ မဟုတ်သလို ဆန္ဒပြမှုတွေကို ဦးဆောင်တဲ့ ခေါင်းဆောင်တချို့ဟာ ရှေ့နေတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် တွေ့ဆုံခွင့်ပေးဖို့ မဖြစ်နိုင်သေးဘူးလို့ ရုရှားသတင်းဌာန RIA နဲ့ အင်တာဗျုးမှာ ဖြေကြားထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့  ၂ မှု ၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မ ၃ အပါအဝင်  စုစုပေါင်း ပြစ်မှု ၆ မှုနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။ 

အလားတူ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ)တို့နဲ့ တရားစွဲဆိုထားသလို  နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)တရားစွဲဆို ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up