မွန်ပြည်နယ်အတွင်းက ပညာရေးဝန်ထမ်းတွေကို ရုံးပြန်တက်ဖို့ ပြည်နယ်ပညာရေးမှူးရုံးက ဆက်တိုက် ဖိအားပေးနေတယ်လို့ CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ဆရာ၊ဆရာမတွေက ပြောပါတယ်။
ပြည်နယ်ပညာရေးမှူးရုံးရဲ့ ဧပြီ ၂၅ ရက်စွဲနဲ့ ထုတ်ပြန်စာမှာတော့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးက ဝန်ထမ်းတွေနဲ့ အခြေခံပညာကျောင်းက ဆရာ ၊ ဆရာမတွေဟာ မေလ ၃ ရက် နောက်ဆုံးထား ရုံးပြန်တက်ပေးကြဖို့ ဖိအားပေးလာတာ ဖြစ်ပါတယ်။
မေ ၃ ရက်မှာ ရုံးပြန်မတက်တဲ့ ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို နေ့လည် ၁ နာရီ နောက်ဆုံးထားပြီး သက်ဆိုင်ရာရုံးတာဝန်ရှိသူတွေက ပြည်နယ်ပညာရေးမှူးရုံးစီမံဌာနကို ပေးပို့ ကြဖို့ အကြောင်းကြားထားပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်အာဏာရှင် ဆန္ဒပြပွဲပါဝင်တဲ့ ပညာရေးဝန်ထမ်းတချို့ကို တာဝန်မှ ယာယီရပ်ဆိုင်းနေသလို အကြမ်းဖက် စစ်ကောင်စီကလည်း ကျောင်းဆရာ ၊ ဆရာမတချို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် အရေးယူနေတာပါ။
မွန်ပြည်နယ်ပညာရေးဝန်ထမ်းတွေနဲ့ ဆရာ၊ဆရာမတွေဟာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှုမှာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဝန်ထမ်းတွေလည်း ဖြစ်ပါတယ်။