ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီ ၂၅ ရက် မနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်က ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်ကားအကြီး ၂ စီး၊ ကားသေး ၁ စီးနဲ့ ရဲကား ၁ စီး လာရောက် စစ်ဆေးခဲ့လို့ သိရပါတယ်။ အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အသေးစိတ်အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဧပြီ ၂၄ ရက်ကလည်း တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမပေါ် ဗြဟ္မာစိုရ်လမ်းထိပ် လမ်းလယ်ကျွန်းမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တယ်လို့ စစ်တပ်ပိုင်ရုပ်သံက မနေ့ညက ထုတ်လွှင့်သွားပါတယ်။
ပေါက်ကွဲမှုကြောင့် လမ်းမပေါ် ဖြတ်သန်းမောင်းနှင်လာတဲ့ ကားတစ်စီး ရှေ့လေကာမှန်တို့ ကွဲအက်ပျက်စီးသွားခဲ့ပြီး ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီး ၂ ဦးနဲ့ စစ်ဆေးရေးအဖွဲ့မှာ ပါဝင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိ အမျိုးသား ၂ ဦးတို့ ထိခိုက်ဒဏ်ရာရလို့ စစ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေတယ်လို့ ဆိုပါတယ်။
အလားတူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်၊ မကွေးလမ်းနဲ့ ထီးလှိုင်ရှင် အိမ်ယာအဝင်လမ်းသွယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးအနီး လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး လူနဲ့ အဆောက်အဦ ထိခိုက်ဒဏ်ရာရ ပျက်စီးမှုမရှိဘူးလို့ မြဝတီသတင်းမှာ ဖော်ပြပါတယ်။