မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေချက်ချင်းရပ်ဆိုင်းဖို့အပါအဝင် အချက် ၅ ချက်ကို အာဆီယံခေါင်းဆောင်တွေ အားလုံးဘုံသဘောတူဆုံးဖြတ်ချက်ချခဲ့တယ်လို့ အာဆီယံ ဥက္ကဋ္ဌက ဧပြီ ၂၄ ရက် ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးအပြီး ထုတ်ပြန်ပါကြေညာပါတယ်။
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံးဟာ အစွမ်းကုန် သည်းခံထိန်းသိမ်းဖို့၊ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့ သက်ဆိုင်သူအားလုံးက အပြုသဘောတွေ့ဆုံဆွေးနွေးကြဖို့၊ အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်က အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ တွေ့ဆုံ ဆွေးနွေးရေးကိစ္စတွေမှာ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ဖို့၊ အာဆီယံအဖွဲ့ရဲ့ လူမှုကူညီရေးစင်တာ AHA စင်တာကတဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နိုင်ဖို့နဲ့ နောက်ဆုံးအနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံနိုင်ခွင့်ရရှိဖို့ စတဲ့ အချက် ၅ ချက်ပါဝင်ခဲ့ပါတယ်။
မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့က ဦးဆောင်တောင်းဆိုခဲ့ကြတဲ့အချက်ဖြစ်တဲ့ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ အချက်ကိုတော့ နောက်ဆုံး ၁၀ နိုင်ငံ သဘောတူညီချက် ၅ ချက်မှာ မပါဝင်ခဲ့တာကို တွေ့ရပါတယ်။
အာဆီယံ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့လာရောက်မယ့်ကိစ္စနဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးခွင့်ပြုဖို့ ကိစ္စကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကန့်ကွက်ခဲ့ဘူးလို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောပါတယ်။
ဧပြီ ၂၄ ရက်ဆွေးနွေးပွဲကို အာဆီယံထိပ်သီးဆွေးနွေးပွဲလို့ ကနဉီးမှာ သုံးစွဲခဲ့ပေမယ့် နိုင်ငံခေါင်းဆောင် ၇ နိုင်ငံ၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးအဆင့်စေလွှတ်တဲ့ ၂ နိုင်ငံနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တွေသာ ပါဝင်လာတဲ့အတွက် အာဆီယံခေါင်းဆောင်များအစည်းအဝေးလို့သာ ပြောင်းလဲ သုံးစွဲခဲ့ကြပါတယ်။
မြန်မာနိုင်ငံပြဿနာကို အာဆီယံအစည်းအဝေးကတဆင့် အဖြေရှာဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သဘောတူညီထားပြီး ထွက်ပေါ်လာမယ့် အဖြေကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ် ဂရင်းဖီးလ်ဒ်က ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံကတော့ အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံနဲ့ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေဆီကို ဖုန်းဆက်ပြီး မြန်မာနိုင်ငံပြဿနာကို အာဆီယံနိုင်ငံတွေ ဆွေးနွေးအဖြေရှာတဲ့နေရာမှာ အပြုသဘောဆောင်ဖို့ အားလုံးသဘောတူညီဆုံးဖြတ်ဖို့ နိုင်ငံခြားက ဝင်ရောက်စွက်ဖက်မှုတွေကို လက်မခံဖို့ သတိပေးပြောဆိုခဲ့ပါတယ်။
Photo- Singapore FM