DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ကုလအထူးသံတမန် သီးသန့်စီ ဆွေးနွေး
DVB
·
April 24, 2021
မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ကုလအထူးသံတမန် သီးသန့်စီ ဆွေးနွေး
1 / 4
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံမန် ခရစ္စတင်းရှာရာနာ ဘာဂျီနာဟာ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို အဖြေရှာနိုင်ဖို့  အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သီးသန့်စီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

မစ္စဘာဂျီနာနဲ့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Bui Thanh So နဲ့ ဒီကနေ့ ဂျာကာတာမှာ တွေ့ဆုံရာမှာတော့ မစ္စဘာဂျီနာက မြန်မာနိုင်ငံမှာ လူ့အသက်တွေဆုံးရှုံးနေရတဲ့အပေါ် စိုးရိမ်ကြောင်းပြောဆိုခဲ့ပြီး ဒီအခြေအနေကို ရပ်တန့်ဖို့ နဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုပြန်ရဖို့ အာဆီယံအနေနဲ့ အပြုသဘောကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်ပြောဆိုခဲ့တယ်လို့ ဗီယက်နမ် သတင်းမှာဖော်ပြပါတယ်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံရဲ့ မငြိမ်မသက်မှုတွေအပေါ် နိုင်ငံတကာအသိုက်အဝန်းနဲ့ ကုလသမဂ္ဂရဲ့ အလွန်အမင်း စိုးရိမ်ပူပန်မှုကို ဗီယက်နမ်အနေနဲ့ မျှဝေခံစားရတဲ့အကြောင်း၊ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အမြဲနီးနီးကပ်ကပ်လိုက်ကြည့် နေပြီး  မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံး အဖြေရှာဖို့ အာဆီယံနဲ့အတူ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဖို့၊ လူသားချင်းစာနာကူညီထောက်ပံ့မှုပေးဖို့၊ တွေ့ဆုံဆွေးနွေးမှုတွေပြန်စဖို့ အရေးကြီးတဲ့အကြောင်းလည်း ဗီယက်နမ်ဝန်ကြီးကပြောကြားခဲ့ပါတယ်။

မစ္စဘာဂျီနာဟာ စစ်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန် ဘာလာခရစ်ရှ်နန်နဲ့ လည်း အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် မနေ့က တွေ့ဆုံခဲ့ပြီး မြန်မာပြည်မှာ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့နဲ့ ငြိမ်းချမ်းတည်ငြိမ်မှုရအောင် စေ့စပ်ညှိနှိုင်းပေးဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ခြားရေးဝန်ကြီး ရန်တိုမာဆူဒီဟာလည်း မနေ့ညက  အထူးကိုယ်စားလှယ် မစ္စဘာဂျီနာနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံပြဿနာအကြောင်း ဆွေးနွေးခဲ့တယ်လို့ သူ့ရဲ့တွစ်တာစာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မနေ့ညက အမေရိကန်အမျိုးသားလုံခြုံရေးအရာရှိ  ဂျိတ်ဆူလီဗန်နဲ့ ဖုန်းပြောဆွေးနွေးရာမှာ ဒေသတွင်း စိုးရိမ်ရတဲ့အရေးတွေဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟစ်ရှာမူဒင်ဟူစိန်ကလည်း မနေ့က  မြန်မာနိုင်ငံဆိုင်ရာ အထူးသံမန် မစ္စခရစ္စတင်း ဘာဂျီနာနဲ့ တွေ့ဆုံပြီး မြန်မာအရေးဆွေး နွေးခဲ့ပါတယ်။ 

မြန်မာနိုင်ငံ သွေးထွက်သံယိုပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအဆင့်မြင့်ဝန်ကြီးတွေနဲ့တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ကုလအထူးကိုယ်စားလှယ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ကို  ဧပြီ ၂၂ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပါတယ်။

မစ္စဘာဂျီနာဟာ ဒီကနေ့ ဂျာကာတာမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခြင်းမရှိခဲ့ပေမဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး သံတမန်နည်းအရ မြန်မာနိုင်ငံ ပြဿနာကို အဖြေရှာကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

အထူးသံတမန် ခရစ္စတင်းဘာဂျီနာဟာ   မြန်မာနိုင်ငံကိုသွားရောက်ခွင့်ရဖို့ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက ကြိုးပမ်းခဲ့ပေမဲ့  စစ်တပ်က သူ့ကို မြန်မာပြည် လာရောက်ခွင့်မပြုခဲ့ပါဘူး။

PHOTO-ASEAN FM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013