
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေအထဲက တချို့ကို အကြမ်းဖက်စစ်အုပ်စုက ရိုက်နှက် နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့(H.R.D.P)က ပြောပါတယ်။
စစ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလမှ စတင်ပြီး ပုသိမ်မြို့မှာ တက်ကြွသူတွေ၊ သတင်းထောက်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဆရာဝန်တွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသား ပြည်သူတွေကို ရဲနဲ့ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရသူတွေအနက် စစ်ကြောရေးစခန်းမှာ မတ်လကုန်မှာ ဖမ်းခံခဲ့ရတဲ့ ဆန္ဒပြသူ လူဖန်ခါးနဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ စစ်ကြောရေးမှာ ရိုက်နှက်ခံရတယ်လို့ ဒေသတွင်း လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကပြောပါတယ်။
H.R.D.P အဖွဲ့ဝင်တစ်ဦးက “ရိုက်တာနှက်တာတွေက စစ်ကြောရေးမှာ ကြာလေလေ ရိုက်နှက်တာ များလေပဲ။ အခုအချိန်အထိလည်း မိသားစုနဲ့ တွေ့ခွင့်မရကြသေးဘူး။ ဒါဟာ စနစ်တကျ ကျယ်ပျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိုးဖောက်မှုပဲ”လို့ ပြောပါတယ်။
ဒါ့အပြင် လူမရှိတဲ့ အိမ်တွေကို ရဲနဲ့စစ်တပ်က ရိုက်ဖျက်ဝင်သွား တာမျိုးတွေရှိတယ်လို့လည်းဆိုပါတယ်။
လူတွေကို ဥပဒေမဲ့ဖမ်းဆီးပြီးရိုက်နှက်စစ်ဆေးတာမျိုး လုပ်လို့မရသလို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်တာ မလုပ်သင့်ဘူးလို့လည်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေက ထောက်ပြဝေဖန်ပြောပါတယ်။
ဖမ်းဆီးခံရသူ ပြည်သူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက “အဖမ်းခံရပြီး အခု အချိန်အထိ တွေ့ခွင့်လည်းမရဘူး၊ မတရားဖမ်းပြီး တပ်ချင်တဲ့ပုဒ်မတပ်နေတာ” လို့ ပြောပါတယ်။
ပုသိမ်မြို့မှာ တိုင်းဒေသကြီးကိုယ်စားလှယ်တွေနဲ့ ပုသိမ်ဆေးရုံအုပ်ကြီးအပါအဝင် ဖမ်းဆီးခံထားရသူ အယောက် ၄၀ ကျော် ရှိနေပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၈ ဦးရှိပါတယ်။










