ရွှေပေးသွင်းရန်ကျန်ရှိသည့် ကုမ္ပဏီများကို သတိပေး
DVB
·
November 5, 2013
သတ္တုတွင်းဌာနနဲ့ ရွှေသတ္တုအသေးစား ထုတ်လုပ်မှုလုပ်ငန်း စာချုပ်လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီတွေထဲက နိုင်ငံတော်ကို ရွှေပေးသွင်းဖို့ ကျန်ရှိပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှာ သက်တမ်းမရှိတဲ့ကုမ္ပဏီတွေနဲ့ အဆက်သွယ်မလုပ်တဲ့ ကုမ္ပဏီတွေကို ဌာနက ဆက်သွယ်ပြီးနောက် အကြောင်းမပြန်ရင် အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးလိုက်ပါတယ်။
၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အထိ ရွှေပေးသွင်းရန် ကျန်ရှိပြီး သက်တမ်းမရှိတဲ့ ကုမ္ပဏီနဲ့ အဆက်အသွယ်မလုပ်တဲ့ ကုမ္ပဏီတွေကို ဒီနေ့ သတိပေး ကြေညာလိုက်တာ ဖြစ်ပါတယ်။
အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနလက်အောက်ရှိ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနကို ကြေညာတဲ့နေ့ကစပြီး ၇ ရက်အတွင်း အကြောင်းကြားရမှာဖြစ်ပြီး အဆက်အသွယ်မလုပ်ရင် ကုမ္ပဏီဒါရိုက်တာနဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေကို တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ကြေညာထားပါတယ်။
ကုမ္ပဏီတွေကတော့ သမုဒ္ဒရာနတ်သမီး၊ မနောရတနာ၊ ထက်ဝေဖြိုး၊ မြန်မာရွှေရတနာဟိန်း၊ ရွှေပင်လယ်နတ်သမီး၊ ရွှေဝင်းဝါ၊ ၀င့်ဝါရွှေစင်အပါအ၀င် စုစုပေါင်း ကုမ္ပဏီ ၃၅ ခု ပါဝင်ပါတယ်။