Home
မြန်မာသတင်း
လက်ပံတောင်းတောင်ဒေသ သံဃာများနဲ့ ဒေသခံများ သပိတ်စခန်း ဖွင့်လှစ်
DVB
·
November 3, 2013
စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ဒေသတွင် လယ်တီ သာသနာနိက အဆောက်အအုံ တွေကို ၀င်ရောက် ကြည့်ရှုခွင့်မရတာကြောင့် လက်ပံတောင်းတောင်ဒေသ သံဃာတော်များနဲ့ ဒေသခံတွေက နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။ လယ်တီ သိမ်တော်ကြီး မိုင်းခွဲမှုဒဏ်ကြောင့် ကွဲအက်သွားတာကို သွားရောက် ကြည့်ရှုမယ့် သံဃာတော်တွေနဲ့ လက်ပံတောင်းတောင် ဒေသခံတွေ ကြည့်ရှုခွင့်မရပဲ အာဏာပိုင်တွေက ပိတ်ပင်ထားတာကြောင့် သံဃာတော် ၇ ပါးနဲ့ ဒေသခံ ၅၀ နီးပါးက အင်ကြင်းတောင်ပေါ်မှာ သပိတ်စခန်း ဖွင့်ပြီး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ သပိတ်စခန်းဖွင့် တောင်းဆိုနေတဲ့ ဆန္ဒပြသံဃာတဦးဖြစ်တဲ့ ဦးဇင်း ဦးစန္ဒာသီရိက အခုလို ပြောဆိုပါတယ်။ “မိုင်းခွဲတဲ့ ဒဏ်ကြောင့် သိမ်နဲ့ ဘုရား အက်ကွဲသွားတယ်လို့ သတင်းကြားလို့ ဦးဇင်းတို့ သွားရောက်ကြည့်ရှုဖို့သွားတဲ့အခါ သူတို့ကနေပြီး ခွင့်တင်ရမယ်။ တင်ပြီးမှ သွားလို့ရမယ်လို့ ပြောတယ်။ ဦးဇင်းတို့က ၃ နာရီအတွင်း အကြောင်းပြန်ပါ အကြောင်းမပြန်ရင် သပိတ်စခန်းဖွင့်ပြီး တောင်းဆိုမယ်လို့ ပြောလိုက်တယ်။ ၁၂ နာရီကနေ ညနေ ၃ နာအထိ စောင့်နေပေမယ့် သူတို့က လုံးဝ ၀င်ခွင့်မပေးပါဘူးဆိုတဲ့ အကြောင်းတခုပဲ ပြောလိုက်တယ်။ ဒါကြောင့် ဦးဇင်းတို့ဘက်က လက်ပံတောင်းဒေသမှာ ရှိတဲ့ သာသနိက အဆောက်အဦများ ကာကွယ်စောင့်ရှောက်ရေးဆိုပြီး သပိတ်ကော်မတီဖွဲ့လိုက်တယ်ပေါ့။” အာဏာပိုင်တွေနဲ့ ကုမ္ပဏီဘက်က လယ်တီသာသနာနိက အဆောက်အအုံတွေကို သပိတ်စခန်းဖွင့် တောင်းဆိုနေတဲ့ တာဝန်ရှိသူတချို့ကို ကြည့်ရှုခွင့်ပေးလိုက်တာ ပိုကောင်းမယ် လို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောဆိုပါတယ်။ ဒေါ်ခင်စန်းလှိုင်က“အဓိကကျတာကတော့ ဒေသခံများ စိုးရိမ်ပူပန်မှုရှိတယ်ဆိုရင်တော့ ကုမ္ပဏီ အနေနဲ့ ၀င်ရောက် ကြည့်ရှုခွင့်တော့ ပေးရမယ်လို့ ကျမတို့ဘက်က ဒီလိုပဲ လက်ခံတယ်။ ဒေသခံတွေက စိုးရိမ်ပူပန်မှုရှိတယ်။ ကုမ္ပဏီ ဖက်ကလည်း ဒါကို ၀င်ရောက်ကြည့်ရှုချက်တွေ မပေးဘူးဆိုတဲ့အပေါ် အနေအထားမျိုးမှာ ဒေသခံတွေ ဆန္ဒဖော်ထုတ်တဲ့အနေနဲ့ သပိတ်စခန်းဖွင့်တယ်လို့ ဒီလိုပဲသိထားပါတယ်။ ကျမတို့ဖြစ်စေချင်တာကတော့ စိုးရိမ်ပူပန်မှုကို လျော့ပါးသွားအောင်အတွက် ဒီနေရာကို လူအများကြီး မဟုတ်ရင်တောင်မှ တာဝန်ရှိတဲ့သူတွေခေါ်ပြီး ကြည့်ခွင့်ပေးလိုက်တာ ပိုကောင်းမယ်ထင်ပါတယ်။ ” လို့ ပြောဆိုပါတယ်။ သူကပဲ ဆက်လက်ပြီး ဒီကနေ့ ကုမ္ပဏီက ဆောင်ရွက်နေတာတွေက အစီရင်ခံစာမှာ ပါတဲ့အတိုင်း ဆောင်ရွက်နေတာ ဟုတ်၊ မဟုတ် ဆိုတာ အရေးကြီးဆုံးအချက်လို့ ပြောဆိုပါတယ်။ “တကယ်တော့ ဒီလိုပဲ ပြန်လုပ်မယ်ဆိုရင်တော့ အစီရင်ခံစာ ပါတဲ့အတိုင်း ဆောင်ရွက်တာ ဟုတ်သလား မဟုတ်ဘူးလား။ ဒီကနေ့ဆောင်ရွက်နေတဲ့ ကိစ္စတွေက ဘယ်သူတွေက သဘောတူ ခွင့်ပြုချက်နဲ့ လုပ်နေကြတာလဲ ဒေသခံဘက်က စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုလျော့ချကြမလဲ။ ဘယ်လို ညှိနှိုင်းဆောင်ရွက် မလဲ ဆိုတာတွေကတော့ အရေးကြီးဆုံး အချက်တွေ ဖြစ်ပါတယ်။ ဒီကနေ့အခြေအနေနဲ့ လက်ရှိအနေအထားတွေကို ကြည့်မယ်ဆိုရင်တော့ ဒီလိုမျိုးတွေသာ ဆက်လက်ဆောင်ရွက်ပြီး ဒီလိုမျိုး ပြဿနာတွေ ဖြစ်နေမယ်ဆိုရင် ရှေ့အလားအလာအနေနဲ့တော့ ဒေသခံတွေဘက်က ကျေနပ်နိုင်မှာ မဟုတ်သလို ကောင်းနိုင်ဖို့ရာလည်း မရှိဘူးလို့ ဒီလိုပဲ မြင်ပါတယ်။” ဒေါ်ခင်စန်းလှိုင်ပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် လက်ပံတောင်းတောင်ဒေသမှာ သံဃာတော်တွေ မီးလောင်ဗုံးနဲ့ သပိတ်စခန်း အဖြိုခွင်းခံခဲ့ရတဲ့ ၁ နှစ်မပြည့်ခင်မှာပဲ အခုလို သံဃာတော်တွေနဲ့ ဒေသခံတွေက လယ်တီ သာသနာနိက အဆောက်အအုံတွေကို သွားရောက် ကြည့်ရှုဖို့အတွက် သပိတ်စခန်းဖွင့် တောင်းဆိုလိုက်တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024