မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလအတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကျဆုံးပြည်သူပေါင်း ၇၁၅ ယောက် ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၄ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၃၀၇၀ ယောက်ကတော့ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ကာ အဲဒီထဲက ၆၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက် ကတော့ ၇၅၆ လောက်ရှိနေပြီး သူတို့ထဲက ၁၇ ယောက်ကတော့ မျက်ကွယ် သေဒဏ်ချ မှတ်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အတာသင်္ကြန် ဒုတိယမြောက်နေ့ဖြစ်တဲ့ ဧပြီ ၁၄ ရက်မှာလည်း မြန်မာပြည်အနှံ့အ ပြားက ပြည်သူတွေဟာ “သွေးမတိတ်သပိတ်”အပါအဝင် သပိတ်အမျိုးမျိုးနဲ့ စစ်အာဏာ ရှင်ကို ဆက်လက် ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့ကိုတော့ မွန်းလွဲပိုင်းကတည်းက အင်အားအ လုံးအရင်းသုံး၍ ဖြိုခွင်းနေတယ်လို့ ကနဦး သိရှိရကြောင်းနဲ့ ပြီးခဲ့တဲ့နေ့တွေက မြစ်ငယ် မှာ ပစ်ခတ်မှုတွေကြောင့် ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး ပြည်သူ အများအပြား ဖမ်းဆီးခံထားရတယ်လို့ အေအေပီပီက ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မင်းလမ်းမှတ်တိုင်အနီးမှာတော့ ဧပြီ ၁၃ ရက်နေ့က ကားစောင့်နေတဲ့ အမျိုးသား ၁ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ် ခဲ့တာကြောင့် ကျည်ဆန် ရင်ဘတ်ထိမှန်ကျဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာလည်း အရေးပေါ်လူနာအတွက် အောက်ဆီဂျင်ဘူး ပို့ပြီးပြန်လာတဲ့ အမျိုးသား ၁ ယောက်ဟာ ပစ်ခတ်ခံခဲ့ရတဲ့အတွက် ဝမ်း ဗိုက်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြား ဖို့လည်း အသိပေးထားပါတယ်။