စက်မှုဇုန်က စက်ရုံ မဆောက်တဲ့ မြေတွေ ပြန်သိမ်းမည်
DVB
·
November 1, 2013
စက်မှုလုပ်ငန်း တည်ထောင်လိုသူများ မြေဈေးကြီးမြင့်မှု ပြဿနာကို ဖြေရှင်းနိုင်ရေး အတွက် စက်မှုဇုန်တွေမှာ ရှိတဲ့ မြေကွက်ရယူထားပြီး လုပ်ငန်း အကောင်အထည် ဖော်ခြင်းမရှိတဲ့ မြေကွက်တွေကို ပြန်သိမ်းပြီး တကယ် စက်ရုံဆောက်မယ့် လုပ်ငန်းရှင်တွေကို ရောင်းပေးသွားမယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးသိန်းအောင်က ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာဖြစ်ပြီး ရွှေပြည်သာစက်မှုဇုန်အပိုင်း ၁၊ ၂၊ ၃၊ ၄၊ ၀ါးတစ်ရာ စက်မှုဇုန်နဲ့ သာဓုကန် စက်မှုဇုန်တွေကို အကောင်အထည် ဖော်နိုင်ရင်လည်း အလုပ်သမားအင်အား ၂ သောင်း ၈ ထောင်လောက် အလုပ်ရနိုင်မယ်လို့ သူက ပြောပါတယ်။
စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အစိုးရ တာဝန်ရှိသူတွေဟာ စက်မှုဇုန်တွေမှာ မြေကွက်ရယူထားပြီး လုပ်ငန်း အကောင်အထည် မဖော်တဲ့ ပိုင်ရှင်တွေဆီက မြေတွေ ပြန်သိမ်းမယ်လို့ ပြောဆိုနေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် တကယ့် လက်တွေ့ အကောင်အထည် ဖော်နိုင်ခြင်းတော့ မရှိပါဘူး။