Home
သတင်းဓာတ်ပုံ
ကျောင်းသားတပ်မတော် ၂၅ နှစ်မြောက် ငွေရတု ကျင်းပ
DVB
·
November 1, 2013
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(အေဘီအက်စ်ဒီအက်ဖ်) ၂၅ နှစ်မြောက် ငွေရတု အခမ်းအနားကို ကျောင်းသားတပ်မတော် မြောက်ပိုင်း လိုင်ဇာမြို့ နှင့် ၃ မိုင်အကွာမှာရှိတဲ့ ဂျန်ထုန်လခွမ်းဘွမ် တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ရဲ့ ၂၅ နှစ်မြောက် မွေးနေ့ပွဲအခမ်းအနား မိန့်ခွန်းမှာ ဥက္ကဋ္ဌ ကိုသံခဲက "ဒီနေ့ကာလဟာ ကျနော်တို့တွေအနေနဲ့ ကျနော်တို့လိုချင်တဲ့ ပန်းတိုင် မရောက်သေးပါဘူး။ သို့သော်လည်းပဲ ကျနော်တို့တတွေဟာ ဒီနေ့ပြောနေတဲ့ နည်းပရိယာယ်အရ အားလုံးလိုလားတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ ဒီမိုကရေစီအင်အားစုတွေ မဟာမိတ်အင်အားစုတွေနဲ့အတူ လက်တွဲ ကြိုးပမ်းမယ်။ တပြိုင်နက်ထဲမှာပဲ ဒီကြိုးပမ်းမှုမှာ ကျနော်တို့ ရပ်တည်မှုကတော့ အဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးစုံဘက်က မကဒတ အနေနဲ့ အလေးအနက်ရပ်တည်သွားမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးကို ရည်ရွယ်ချက် သုံးရပ်နဲ့ ပြုလုပ်ခဲ့ကြောင်း ဗဟိုဦးဆောင်ကော်မတီ တဦးဖြစ်တဲ့ ဦးဆလိုင်းယောအောင်က အခုလို ပြောဆိုပါတယ်။ “ပထမအဆင့်က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒုတိယအဆင့်က အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတရပ်ဖြစ်ပေါ်ရေး၊ တတိယအဆင့်ကတော့ တိုင်းရင်းသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အခြေခံတဲ့ ဖွဲ့စည်းပုံဥပဒေတရပ်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတရပ်ကို အခြေခံပြီးတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။” ကျောင်းသားတပ်မတော် မြောက်ပိုင်း  ကိစ္စနဲ့ပတ်သက်ပြီး တရားမျှတမှုနဲ့ အမှန်တရားပေါ်ပေါက်ရေး ကော်မရှင် ဖွဲ့စည်းထားပြီး ထိုအဖွဲ့ကပဲ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး အစီရင်ခံစာကို အခုနှစ်မကုန်မီ ထုတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဦးဆလိုင်းယောအောင်က ဆက်လက် ပြောပါတယ်။ အခမ်းအနားကို ဗကသ၊ လူဘောင်သစ်စတဲ့ အဖွဲ့တွေအပြင် ကေအိုင်အေ/ကေအိုင်အိုနဲ့ လိုင်ဇာညီလာခံကို တက်ရောက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအပါအ၀င် စုစုပေါင်း ၁၅၀၀ တက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) နဲ့ အစိုးရ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့ပါတယ်။ ကျောင်းသားတပ်မတော်ကို ၁၉၈၈ လူထုအရေးတော်ပုံကြီး ဖြစ်ပွားပြီးနောက်ပိုင်း နိုဝင်ဘာ ၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်မှာ စတင်တည်ထောင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ DVB [album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/25Anniver2013/]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024