စစ်ကိုင်းတိုင်း တမူးမြို့ကို စစ်ကောင်စီက ၄၈ နာရီ မာရှယ်လော စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားပြီး နာဂဘုရားကျောင်းနားမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေက ပစ်ခတ်လို့ ၇ နှစ်အရွယ်ကလေးငယ်တစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
တမူးမြို့ပေါ်မှာ ဈေးတန်း ၉၊ ၁၀၊ ၁၁ ရပ်ကွက်တွေကို အကာအကွယ်ယူပြီး ဈေးတန်း ၇၊ ၈နဲ့ စန္ဒကူး ရပ်ကွက်တွေကို ရဲနဲ့စစ်တပ်က စစ်ဆင်ရေးပုံစံနဲ့ တစ်အိမ်တက်ဆင်းဝင်ရောက်ရှာဖွေနေတယ်လို့ လည်းဆိုပါတယ်။
ဂေါ်ရခါးအိမ်တွေမှာဆိုရင်လည်း ဖုန်းတွေယူ၊ ငွေတွေယူတာတွေ ရှိတဲ့အပြင် မက်သဒစ်ဘုရားကျောင်းကိုလည်း ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် အကြမ်းဖက်စစ်တပ်က တမူး မြို့တွင်းမှာရှိတဲ့လူနေအိမ်တွေကို သေနတ်နဲ့ လိုက် ပစ်ခတ်နေပါတယ် ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
"အခုကကျမတို့ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်တပ်ကလိုက်ပစ်နေတယ်မနက်စောစော ကတည်းက ပစ်ခတ်နေတယ်ပြည်သူက ဘယ်သူမှမထွက်ရဲဘူးအင်အားအများအပြားနဲ့ မြို့တွင်းမှာပစ်ခတ်နေတယ် ဟိုနေ့ သူတို့ဘက်ကအသေများတာကို မကျေနပ်လို့လိုက်ပစ်နေတဲ့သဘောဖြစ်နေတယ်”။
စစ်တပ်က ပြည်သူ ၁ ဦးကိုဖမ်းဆီးထားပြီး မြို့ပေါ်က Grace ဆေးရုံနဲ့ လူနေအိမ်တချို့ကိုလည်း ဝင်စီးခဲ့ပါတယ်
ဒါအပြင် သူနာပြုတွေကိုပါးရိုက်တယ်ဆေးရုံမှာရှိတဲ့ပစ္စည်းတွေလည်းယူသွားတယ်လို့ တမူးဒေသခံတစ်ဦးကပြောပါတယ်
အခုလိုမြေပြင်မှာ ရဲနဲ့ စစ်တပ်က အကြမ်းဖက်မှုတွေလုပ်ဆောင်နေတာအပြင် ဝေဟင်ကနေလည်း ဒရုမ်းနဲ့ စောင့်ကြည့်ညွှန်ကြားတာတွေရှိတယ်လို့ သိရပါတယ်။
တမူးမြို့မှာ မနေ့ကလည်း ပုဒ်မ ၁၄၄ ထုတ်တာကို မသိလို့ ရဲစခန်းရှေ့က ဖြတ်သွားမိသူ ၂ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။ လက်ရှိမှာ တင့်ကားတွေပါ အသုံးပြုပြီး မြို့ကို ညပိတ်ဆို့ထားတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။