Home
မြန်မာသတင်း
မျိုးဆက်သစ်လူငယ်များ နိုင်ငံရေးတွင် ပါဝင်လာရေး လီဆူပါတီ ကြိုးပမ်းမည်
DVB
·
October 30, 2013
လီဆူ မျိုးဆက်သစ်လူငယ်တွေ နိုင်ငံရေးမှာ စိတ်ပါဝင် စားပြီး မိမိလူမျိုးတိုးတက်ရေးအတွက် ကိုယ်တိုင် ပါဝင်ဆောင်ရွက်လာဖို့ ကြိုးစားသွားမယ်လို့ တိုင်းရင်းသားပါတီသစ်တခုဖစ်တဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဆိုပါတယ်။ ကချင်မျိုးနွယ်စု ၆ စုထဲမှာ တစုအပါအ၀င်ဖြစ်တဲ့ လီဆူလူမျိုး ကိုယ်စားပြုပါတီကို နေပြည်တော်ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၉ ရက်နေ့ နေ့စွဲနဲ့ ခွင့်ပြု လိုက်ပြီးတဲ့နောက် ကိုယ့်လူမျိုးအတွက် ကိုယ်တိုင်ဆောင်ရွက်သွားမယ်လို့ ပါတီ တည်ထောင်သူထဲက တဦးဖြစ်တဲ့ ဦးလာမာလေး က ပြောလိုက်တာပါ။ လီဆူတိုင်းရင်းသားတွေဟာ  ၂၀၁၀ ရွေးကောက်ပွဲတုန်းက သီးခြားပါတီအနေနဲ့ မရှိဘဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ကျားဖြူပါတီတွေမှာ ၀င်ရောက်လှုပ်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူမျိုးကိုယ်စားပြုအနေနဲ့ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားမှု အား နည်းနေတာတွေ့ရှိရပြီး  အနာဂတ် နိုင်ငံရေးဇာတ်ခုံပေါ်မှာ တထောင့်တနေရာ ပါဝင်နိုင်ဖို့အတွက်  ပါတီထူထောင်ရခြင်းဖြစ်တယ်လို့ ဦးလာမာလေးက ပြောပါတယ်။ “လီဆူအမျိုးသားတွေအနေနဲ့ နိုင်ငံရေးမှာ ပါဝင်မှု အားနည်းတယ်၊ စိတ်ဝင်စားမှု အားနည်းတာပေါ့။ ကျနော်တို့ လူမျိုးတမျိုးအနေနဲ့လည်း နိုင်ငံရေးမှာ လှုပ်ရှားစေချင်တယ်။ ဒီလူငယ်တွေရဲ့ အနာဂတ်ကို အဓိကထားပြီး လုပ်ချင်တယ်။ တိုင်းရင်းသားတယောက်အနေနဲ့လည်း မားမားမတ်မတ်ရပ်တည်နိုင်ဖို့ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ ကယားပြည်နယ်က ညီအစ်ကိုတွေနဲ့လည်း တစည်းတလုံးတည်းဖြစ်သွားအောင်ပေါ့။” ဒါ့အပြင် ကျေးလက်ဒေသမှာ အများဆုံးနေထိုင်တဲ့ လီဆူတိုင်းရင်းသားတို့ ဥပဒေရေးရာ၊ လူ့အခွင့်အရေးဆိုင်ရာ အသိအမြင်တိုးတက်ရေး၊ မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းရေးရရှိရေး၊ ခေတ်မီဒီမိုကရေစီနိုင်ငံ ရောက်ရှိရေး၊  မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာလည်း တတ်နိုင်တဲ့ဘက်က ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။ ပါတီကို လက်ရှိဦးဆောင်သူတွေမှာ ဥက္ကဋ္ဌ ဦးဆီဖာလာလူး နဲ့ စည်းရုံးရေးမှူးက ဦးအားခီဒါဝူး အပါအ၀င် ၁၇ ဦးရှိကြောင်း၊ ပါတီအလံနဲ့ တံဆိပ်ကို ဒူးလေးအဖြူရောင် သတ် မှတ်ထားပြီး မကြာခင်မှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပါတီမူဝါဒ၊ အလံနဲ့ အမှတ် တံဆိပ်တွေ အတည်ပြုဖို့နဲ့ ပါတီမှတ်ပုံတင်ဖို့ အစည်းအဝေးတရပ် အမြန်ဆုံး ခေါ်ယူမယ်လို့ ဦးလာမာလေးက ပြောပါတယ်။ လီဆူပါတီကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အခြေပြုမှာဖြစ်ပြီး အရင်ဆုံး  မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဘူတာအို၊ ချီဖွေ၊ ဆော့လော့၊ ပန်ဝါ၊ ခေါင်လန်ဖူးနဲ့ ရှမ်းပြည်ဘက်မှာရှိတဲ့ လီဆူလူမျိုးတွေကြား စည်းရုံးရေးဆင်းမယ်လို့ သိရပါတယ်။ လီဆူလူမျိုးတွေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မြန်မာနိုင်ငံ အခြားဒေသမှာ ပျံ့နှံ့နေထိုင်ပြီး လူဦးရေ အနည်းဆုံး ၆ သိန်းလောက်ရှိမယ်လို့ လီဆူပါတီက ခန့်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024