ကာတွန်းဆရာကြီး ဦးအောင်ရှိန် ကွယ်လွန်
ရွှေအောင်
·
October 30, 2013
ဦးရှံစား၊ ဦးဒိန်းဒေါင်၊ ဦးစိတ်တို၊ မျောက်ညို၊ ဦးကပ်စေးနဲ့ ခင်မောင်သိန်းထွန်းဝင်း စတဲ့ ရုပ်ပြဇာတ်ကောင်ပေါင်းများစွာကို မွေးထုတ်ခဲ့တဲ့ ကာတွန်းဆရာကြီး ဦးအောင်ရှိန်ဟာ ဒီနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။
ကာတွန်းဦးအောင်ရှိန် ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ်ရှိပြီး ဖြစ်ပြီး ဒီနေ့ မွန်းလွဲပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာလို့ ဆရာကြီးရဲ့ သားဖြစ်သူ ဦးရဲအောင်နိုင်က ပြောပါ တယ်။
“မနက်က အကောင်းကြီးခင်ဗျ။ ချောင်းဆိုး ချွေးထွက်ပြီး မောလာလို့ ဆေးရုံကို ၁၂ နာရီလောက်တင်လိုက်တယ်။ ဆေးရုံရောက်ပြီး ၁၂ နာရီ ၂၀ လောက်မှာ ဆုံးသွားတာ။”
ကာတွန်းဦးအောင်ရှိန်ဟာ ရုပ်ပြကာတွန်းရေးဆွဲရာမှာ ထူးချွန်အောင်မြင်တဲ့ ကာတွန်းဆရာကြီး ဖြစ်တယ်လို့ ကာတွန်းအော်ပီကျယ်က ပြောပါတယ်။
“ဆရာကြီး ဦးအောင်ရှိန်က ဇာတ်ကောင်တွေ အများကြီး မွေးခဲ့တယ်။ အဲဒီဇာတ်ကောင်တွေ အများကြီးက ကလေးတွေအတွက် ရည်ရွယ်ပြီး ရေးခဲ့တယ်။ လူလတ်ပိုင်းတွေအတွက်လည်း ပါတာပေါ့။ ခင်မောင်သိန်းထွန်းဝင်း၊ ဦးရှံစားတို့၊ ဦးဒိန်းဒေါင်တို့ဆိုတာ လူလတ်ပိုင်းတွေလည်း ပါတာပေါ့။ ဦးစိတ်တိုတို့၊ မျောက်ညိုတို့က ကလေးတွေအတွက်ပေါ့။ သူ့ရဲ့ ဇာတ်ကောင်တိုင်းက အောင်မြင်တယ်။ ပရိသတ်ရှိတယ်။ တချို့ကျတော့ တချို့ဇာတ်ကောင်တွေက အောင်မြင်ပြီး တချို့ဇာတ်ကောင်တွေက သိပ်မအောင်မြင်တော့ ပြန်မှိန်သွားတယ်။ သူကကျတော့ ရေးတဲ့ဇာတ်ကောင်တိုင်းမှာ အောင်မြင်တယ်။ အင်မတန်ရှားပါတယ်။ ရုပ်ပြကာတွန်းမှာတော့ ဆရာကြီးက တကယ်ဦးဆောင်မှုနဲ့ ကာတွန်းဆရာပါ။”
ဦးအောင်ရှိန်ဟာ ဧရာဝတီတိုင်း၊ ပုသိမ်ဇာတိ ဖြစ်ပြီး မွေးချင်း ၂ ဦးအနက် အကြီးဆုံး ဖြစ်ပါတယ်။
ဇနီးဖြစ်သူဟာ ၁၉၈၈ ခုနှစ်ကထဲက ကွယ်လွန်ခဲ့ပြီး အခု ဆရာကြီးကွန်လွန်ချိန်မှာ သားသမီး ၁၀ ဦး ကျန်ရစ်ပါတယ်။
ကွယ်လွန်ချိန်အထိ ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရအိမ်ရာမှာ နေထိုင်ခဲ့ပြီး ဆရာကြီးရဲ့ ဈာပနကို နိုဝင်ဘာ ၁ ရက်နေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။

