လန်ဒန်မြို့က မြန်မာသံရုံးကို မြန်မာစစ်သံရုံးက စစ်သံအမတ်ကြီးဦးဆောင်တဲ့ အဖွဲ့တွေ ဝင်ရောက်ထိန်းသိမ်းထားလိုက်ပြီး သံအမတ်ကြီးကိုလည်း သံရုံးအတွင်း ဝင်ခွင့် မပေးတော့ဘူးလို့ သိရပါတယ်။
သံအမတ်ကြီး ဦးကျော်စွာမင်း မရှိစဉ်မှာ စစ်သံရုံးက လူတွေ သံရုံးထဲကို ဝင် ရောက်သွားခဲ့တာ ဖြစ်ပြီး သံရုံးထဲ ရှိနေသူတွေကိုလည်း တံခါးသော့ခတ်ပြီး အပြင်ထွက် ခွင့်မပေးတော့တာ ဖြစ်ပါတယ်။
“ကျနော် အပြင်ထွက်သွားချိန်မှာ သူတို့က သံရုံးထဲ အင်အားသုံး ဝင်ရောက်ခဲ့တာ ဖြစ်ပြီး စီးထားလိုက်တာပါ။ နေပြည်တော်က ညွှန်ကြားချက်ရထားတယ်လို့ သူတို့က ပြောပြီး ကျနော့်ကို အထဲဝင်ခွင့် မပြုတော့ပါဘူး”လို့ သံအမတ်ကြီးက ဒေးလီးတယ်လီဂ ရပ်ဖ်သတင်းကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အပါအဝင် နိုင်ငံတကာမှာ ရှိနေတဲ့ သံတမန် ဝန်ထမ်းတွေ တော်တော်များများ ပူးပေါင်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
သံအမတ်ကြီး ဦးကျော်စွာမင်းဟာ ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးဖို့လည်း ကြေညာချက် ထုတ်ပြန် တိုက်တွန်းခဲ့ဖူးပြီး ပြီးခဲ့တဲ့လကတော့ အာဏာသိမ်း စစ်ကောင်စီက သူ့ကို မြန် မာပြည်ပြန်လာဖို့ အမိန့်ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။