လူငယ်သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်ကို ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဧပြီ ၈ ရက် ဒီကနေ့မနက်ပိုင်းက ရဲနဲ့စစ်တပ်က စစ်ကား ၈ စီးနဲ့ ရောက် ရှိလာပြီး လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်လှစ်ခံထားရတဲ့ အနုပညာရှင်တွေ စာရင်းမှာ ပိုင်တံခွန်ပါဝင်ကြောင်း ဧပြီ ၇ ရက်က ကြေညာအပြီး နောက်တနေ့မှာပဲ ခုလိုဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။
ပိုင်တံခွန်ရဲ့ အစ်မဖြစ်သူ မေချစ်သွေးက သူ့ရဲ့ ဖေ့စ်ဘွတ်အင်တာနက် လူမှုကွန် ရက်ပေါ်မှာ မောင်ဖြစ်သူ အဖမ်းခံရကြောင်း ရေးသားမျှဝေထားပါတယ်။
“ဒီနေ့ မနက် ၅နာရီမှာ ရဲနဲ့စစ်သား ကား ၈ စီးနဲ့ ပိုင်တံခွန်ကို လာဖမ်းသွားကြပါပြီ … မြောက်ဒဂုံအိမ်မှာ လာဖမ်းသွားတာပါ… Speak Out များများလေး လုပ်ပေးကြပါ… ကျန်းမာရေး အရမ်းဆိုးနေလို့ ဝိုင်းဝန်းဆုတောင်းပေးကြပါဦးဗျာ… နေမကောင်း အရမ်း ဖြစ်နေလို့ အမေတို့ဆီ ခဏ လာနေနေတာပါ”
ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ အာဏာသိမ်းစစ်တပ်က နေ့စဉ်ရက်ဆက်ဆိုသလို အဆိုတော်၊ သရုပ်ဆောင်၊ ဒါရိုက်တာစတဲ့ အနုပညာရှင်တွေေအပါအဝင် အွန်လိုင်းပေါ်မှာ လူသိများထင်ရှားကျော်ကြားသူတွေကို ၅၀၅ (က)နဲ့ အမှုဖွင့်ဝရမ်းထုတ်ကြောင်း စစ်တပ် လက်အောက်ခံ မီဒီယာတွေကတဆင့် ထုတ်ပြန်ထားခဲ့တာကို တွေ့ရပါတယ်။
အဆိုပါ ပုဂ္ဂိုလ်တွေဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေကို အသုံးပြုပြီး နိုင်ငံတော် အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေရေး လှုံ့ဆော်တာမျိုးတွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စား ပြုကော်မတီ(CRPH)ကို ထောက်ခံတာတွေကြောင့် အမှုဖွင့်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အနုပညာရှင်တွေသာမက ပရဟိတလုပ်နေသူတွေ၊ ခရီး သွားဘလော့ဂ်ဂါတွေ ဂျာနယ်လစ်တွေလည်း ပါဝင်လာခဲ့ပြီး အမှုဖွင့် ဖမ်းဝရမ်းထုတ်ခံ ထားရသူပေါင်း ၁၀၀ ကျော်လောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ သရုပ်ဆောင်မင်းသား ရဲတိုက် ဖမ်းဆီးခံခဲ့ရပြီး သရုပ်ဆောင်မင်းသား လူမင်း၊ ဟာသ သရုပ်ဆောင် ဇာဂနာတို့လည်း ဖမ်းဆီးခံထားရပါ တယ်။