
ရန်ကုန် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ရဲနဲ့ စစ်တပ်ရဲ့ ဝင်ရောက်ဖမ်းဆီးမှုကြောင့် ဒီကနေ့ ဧပြီ ၇ ရက် တရက်တည်းမှာ လူပေါင်း ၁၀၀ နီးပါး အဖမ်းခံလိုက်ရကြောင်း ဒေသခံတွေထံက သိရပါတယ်။
တောင်ဒဂုံရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ စစ်တပ်က နေရာယူထားပြီး သူတို့ အလိုကျ အုပ်ချုပ်ရေးအဖွဲ့တွေ ခန့်အပ်ထားရှိသလို တချို့ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူး မရှိတဲ့အတွက် စစ်တပ်က ကိုယ်တိုင်ကွပ်ကဲနေပြီး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေကိုလည်း ဖမ်းဆီးနေတယ်လို့ ၁၀၆ ရပ်ကွက်နေ ဒေသခံတဦးက ပြောသည်။
၁၀၆ ရပ်ကွက်နေ အဖမ်းခံလိုက်ရသူတဦးရဲ့ မိသားစုဝင်က "ကျမတို့တရပ်ကွက်ထဲ ဒီနေ့အိမ်တွေကိုဝင်ရှာပြီး ဖမ်းသွားတာ ၅၁ ယောက်။ ရပ်ကွက်ရုံးမှာ သူတို့ အထိုင်ချနေနေတာ။ ဘယ်သူတွေဆိုတာ စာရင်းနဲ့ဖမ်းတာ။ ဖမ်းခံလိုက်ရ သူတွေက ယောကျာ်းလေးများတယ်။ မိန်းကလေး တချို့လည်းပါတယ်"လို့ ပြောပါတယ်။
အလားတူ ၇၀၊ ၇၁ ရပ်ကွက်တွေမှာလည်း ရဲနဲ့ စစ်တပ်က နေအိမ်တွေထဲ ဝင်ရောက်ဖမ်းဆီးနေကြောင်း အဆိုပါရပ်ကွက် ဒေသခံတွေထံကနေ သိရပါတယ်။
"တရပ်ကွက်ချင်းအလိုက်မသိသေးဘူး။ တရပ်ကွက်ကို အနည်းဆုံး ၁၀ ဦးထက်မနည်း ဒီနေ့အဖမ်းခံရတယ်။ လက်လှမ်းမီသမျှ စုထားတာ ၁၀၀ နီးပါးရှိပြီ" လို့ အကူညီပေးသူတဦးက ပြောပါတယ်။
တောင်ဒဂုံတစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ရပ်ကွက်တခုချင်းအလိုက် အဖမ်းခံရတဲ့ သူ စာရင်းကတော့ အတိအကျ ကောက်ယူမရသေးပါဘူး။
တောင်ဒဂုံမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက ရဲနဲ့ စစ်တပ်က အင်အားသုံး အကြမ်းဖက်ပစ်ခတ်မှုတွေ အပြင်းအထန်ပြုလုပ်ခဲ့လို့ ပြည်သူတွေအများအပြား သေဆုံးဒဏ်ရာရခဲ့ကြတာဖြစ်ပြီး အခုလည်း တောင်ဒဂုံမြို့နယ်အတွင်း ရပ်ကွက်တွေကို ပစ်မှတ်ထားဝင်ရောက်ပြီး ပြည်သူတွေကို ဖမ်းဆီးနေတာဖြစ်ပါတယ်။