Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စုပါတီ ထူထောင်ခွင့်ကျ
နန်းမြနဒီ
·
October 30, 2013
၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်အများစု ပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ ထူထောင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၈ ရက်စွဲနဲ့ ခွင့်ပြုလိုက်ပါတယ်။ တိုင်းရင်းသားပါတီတွေအနေနဲ့ မိမိပြည်နယ် မဟုတ်တဲ့ အခြားဒေသတွေမှာပါ   ရွေးကောက်ပွဲဝင်ပြီး တိုင်းရင်းသားအခွင့်အရေးနဲ့ တန်းတူညီမျှရေးတွေ ဆောင်ရွက်နိုင်ဖို့ ပါတီ ထူထောင်ရခြင်းဖြစ်ကြောင်း ပါတီ တည်ထောင်သူတဦးဖြစ်တဲ့ ဦးစောသန်းမြင့်က   ပြောပါတယ်။ “ပထမတချက်က ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့၊ ဒုတိယက နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံး တန်းတူညီမျှအခွင့်အရေးရရှိရေး။ အဓိကက တကမ္ဘာလုံးအော်နေတဲ့ လူ့အခွင့်အရေးဆိုတာကို ပိုပြီး တိကျတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ တန်းတူအခွင့်အရေးရဖို့ဆိုတဲ့ ပေါ်လစီကို ကိုင်ထားတာပါ။” ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ရွေးချယ်ဖို့၊ ပါတီရဲ့အလံနဲ့ သင်္ကေတတွေ   အတည်ပြုဖို့၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဖို့အတွက် ပါတီတည်ထောင်လိုသူ ပုဂ္ဂိုလ်  ၁၆ ဦးနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေဟာ နိုဝင်ဘာ ၆ ရက်နေ့မှာ  တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုပါတီဟာ ပါတီထူထောင်ခွင့်မကျခင်က   ညီနောင်တိုင်းရင်း သားများ ဖက်ဒရေးရှင်းဆိုတဲ့အမည်နဲ့ တိုင်းရင်းသားပါတီအားလုံးဆိုင်ရာအရေးတွေ လှုပ်ရှား ခဲ့ပါတယ်။ တိုင်းရင်းသားအရေးမှာ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ပါတီတွေ စုစည်းရကြောင်း ဦးစောသန်းမြင့်က ပြောပါတယ်။ “အားလုံးစုစည်းမယ်ဆိုရင် အင်အားက ပိုပြီးကောင်းတယ်၊ ပိုပြီးခိုင်မာတယ်၊ ပိုပြီး တောင့်တင်းတယ်။ အခု ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုပါတီမှာဆိုရင် ဗမာလည်း ပါပါတယ်။ အားလုံးပါဝင်တဲ့ အစုအဖွဲ့ဖြစ်ပါတယ်။” ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းကို  ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီတွေ ဖြစ်ကြတဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီက ကိုယ်စားလှယ်တွေနဲ့   ၂၀၁၂ ခုနှစ်က  စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်း ပအိုဝ်း၊ ဓနု၊ ၀၊ အင်းသား၊ ရှမ်းနီ၊ အရှိုးချင်းနဲ့ ကယား အစရှိတဲ့ တိုင်းရင်းသားပါတီတွေပါ ပူးပေါင်းလာကာ လက်ရှိ ၁၆ ပါတီ ရှိသွားပြီး ဖြစ်ပြီး မကြာခင်မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ပါတီ ထူထောင်ခွင့် ကျလာတဲ့ ထားဝယ်ပါတီ၊ လီဆူပါတီတို့နဲ့ ပါတီ ထူထောင်ခွင့် တင်ထားတဲ့ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးပါတီပါ ၀င်ရောက်လာဖို့ ရှိတယ်လို့ ဦးစောသန်းမြင့်က ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024