DVB Logo
Home
မြန်မာသတင်း
စစ်တောင်းမြစ်ရေလျှံပြီး ကျေးရွာများ ရေဘေးကြုံနေရ
DVB
·
October 30, 2013
စစ်တောင်းမြစ်ရေလျှံပြီး ကျေးရွာများ ရေဘေးကြုံနေရ
Donate to DVB

မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ဆည်ရေလွှတ်မှုတွေကြောင့်   ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်တလျှောက်က ကျေးရွာတွေမှာ မြစ်ရေလျှံပြီး စပါးခင်းတွေပျက်စီးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းပြီး ဆွာ၊ သောက်ရေခပ်၊ ခပေါင်းနဲ့ ပေါင်းလောင်ဆည်တွေ ရေလွှတ်တဲ့အတွက် ပဲခူးတိုင်း၊ တောင်ငူ၊ ရေတာရှည်၊ ဆွာနဲ့ သာဂရမြို့နယ်အတွင်းက စစ်တောင်းမြစ် တလျှောက်က  ကျေးရွာ ၁၀ ရွာကျော် ရေနစ်မြှုပ်မှုခံနေရတာပါ။

အောက်တိုဘာလ ၂၈ ရက်နေ့ညကစပြီး ရေတွေ တဖြည်းဖြည်းတက်ရာ အခုတော့ ကျေးရွာ ၁၀ ရွာကျော်မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတာလို့ ဒေသခံတွေကပြောပါတယ်။

ဆွာမြို့နဲ့ သာဂရမြို့နယ်တွေမှာ  ရေနစ်မြှုပ်မှုကြောင့် စပါးခင်းထောင်ချီရေ နစ်မြှုပ်ကုန်ပြီး  ဒီအချိန်ဟာ စပါးတွေရင့်မှည့်နေတဲ့အချိန်ဖြစ်လို့ နောက်ထပ် ၂ ရက်၊ ၃ ရက်လောက်ရေ ဆက်ကြီးရင်တော့ ဒီစပါးတွေ ပျက်စီးနိုင်တယ်လို့  ဆွာမြို့ခံ ကိုဖိုးသားက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရေကျဆင်းခြင်းမရှိတဲ့အတွက်  စပါးတွေပျက်စီးမယ့် အနေအထားဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဒီအချိန်က စပါးတွေ မှည့်လည်း မှည့်နေပြီလေ။ မှည့်နေတဲ့အချိန်မှာ ရေကြီးလိုက်တော့ အကုန်လုံးမြှုပ်ကုန်တာပေါ့။ စစ်တောင်းမြစ်ဘေးတင် ဧက ၁၀၀၀ ကျော်တယ်။ ဆွာချောင်းဘက် သွားတဲ့ ဧက ကလည်း အနည်းဆုံး ၈၀၀ နဲ့ ၉၀၀ ကြားလောက်မှာရှိတယ်။ ရေကြီးတာ ၃ ရက် ၄ ရက် ရှည်မယ်ဆိုရင် စပါးတွေ ဆုံးရှုံးမယ်ပေါ့။ တရက်တည်းနဲ့ ရေပြန်ကျရင်တော့ ဒီစပါးက ပြန်ပြီး အဖတ်တင်နိုင်တယ်ပေါ့။”

ရေကြီးရေလျှံမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရပြီး လမ်းပန်းဆက်သွယ်မှုလည်း အခက်အခဲရှိနေတာပါ။
အလားတူ တောင်ငူမြို့မှာလည်း ဆည်တွေရေလွှတ်မှုကြောင့် တောင်ငူမြို့ရဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ ကက်လျှာစွန်း၊ မိုးကောင်းနဲ့ ရပ်ကွက် ၈၊ ၉ ၊ ၁၀ တွေမှာ ရေကြီးရေလျှံတဲ့အတွက် ကယ်ဆယ်ရေးစခန်း ၇ ခုလောက် ဖွင့်လှစ်ထားရတယ်လို့ မြို့ခံ တဦးဖြစ်တဲ့ ဦးအောင်ဇေယျက ပြောပါတယ်။

“စစ်တောင်းမြစ်ရေတက်လာတဲ့အတွက်ကြောင့် မြစ်ဘေးကရွာ ၁၂ ရွာ အိမ်ထောင်စုတွေ မြို့ပေါ်တက်လာကြတယ်။ မြို့ပေါ်မှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားကြတယ်။ ရေတက်လာတဲ့အတွက်ကြောင့် ချက်ပြုတ်မရဘူး။ ကျွဲနွားတွေထားမရဘူး။ သွားရေးလာရေးက ဆိုင်ကယ်တွေသွားမရဘူး။ ကားလေးတွေ သွားမရဘူး။ လိုင်းကားကြီးတွေ သွားလို့ရမယ်။”

တောင်ငူမြို့နဲ့အနီးအနားက ကျေးရွာတွေလည်း ရေနစ်မြုပ်ကုန်ပြီး တချို့ မြို့ပေါ်တက်ပြီး ခိုလှုံနေတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မိုးအဆက်မပြတ်ရွားသွန်းခဲ့မှုကြောင့် ပဲခူးတိုင်းပါအ၀င် မကွေးတိုင်းအတွင်းက မြို့နယ်တချို့မှာလည်း ရေကြီးရေလျှံမှု ဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013