တော်လှန်ရေး တက်တူး

ည ၈ နာရီ။

"သံပုံး၊ ဒယ်အိုး" တီးချိန်။

နိုင်ငံတဝန်းက ပြည်သူတွေ အိမ်မှာနေရင်း စစ်အာဏာလု အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြတဲ့အချိန်။

မန္တလေးမြို့။ 

မတ်လ ၃ ရက်နေ့ ၊ စနေနေ့ည။

ခါတိုင်းနေ့ကဲ့သို့ပါပဲ။

ထို့နေ့က ကိုဇာနည် (အမည်လွှဲ) သံပုံးတီးခဲ့ပါတယ်။

သတ်မှတ်ချိန်ပြည့်လို့ တီးတာတွေရပ်ခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်းဆိုသလို ပြန်လည်တိတ်ဆိတ်သွားခဲ့ပါတယ်။ ထို့နေ့က ကိုဇာနည် တစ်ယောက် လမ်းမထက် မနီးမဝေးဆီမှ ခွေးဟောင်သံတွေကြားနေခဲ့ရပါတယ်။ ထိုအသံက သူ့ကို လမ်းမဆီလာဖို့ ဆွဲခေါ်သွားစေခဲ့ပါတယ်။ 

အိမ်ကနေ တမျှော်သာသာအကွာအဝေးရှိ မနော်ဟရီလမ်းမပေါ်သူရောက်ရှိချိန်။ 

မှောင်ရိပ်ထဲက ဘွားကနဲပေါ်လာတဲ့ လူတစ်စု။

"ဟေ့ကောင်...မပြေးနဲ့" ။ 

ထို့အသံနဲ့အတူ သူ့ရင်ဝ၊ ကျောကုန်းတွေကို စစ်ဖိနပ်တွေက အဆက်မပြတ်ကျရောက်လို့နေပြီ။  သူသတိထားမိလိုက်ချိန်မှာတော့ ဒူးထောက်လျက်သားရှိနေပြီ။ အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင် လေးယောက်က သူ့ကို ချုပ်နှောင် ဖမ်းဆီးထားတာ သိလိုက်ရပြီ။

အကြမ်းဖက်သမားတစ်ယောက်က ....

"ဖုန်းပါလား"

"ဘာလာလုပ်တာလဲ"

"နာမည် ဘယ်လိုခေါ်လဲ" 

"................." 

မေးခွန်းတွေ တရစပ်လွှတ်။ 

တဆက်တည်းမှာပဲ သေနတ်ဒင်၊ စစ်ဖိနပ်တွေကလည်း ခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့ မိုးပေါက်တွေလို တစ်ပေါက်ပေါက်ကျနေခဲ့တယ်။

ထို့နောက်..

"အင်္ကျီချွတ်" 

အကြမ်းဖက်သမားက အမိန့်ပေးပါတယ်။ 

ခန္ဓာကိုယ်အထက်ပိုင်း ဗလာကျင်းသွားခဲ့ပါပြီ။ 

ညာဘက်လက်ဖျံရှိ သိပ်မကြာခင်ကမှထိုးထားတဲ့ "တက်တူး" က ထင်းထင်းကြီးပေါ်လာတော့တယ်။

"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်" ။

စစ်အာဏာရှင်ဆန့်ကျင်ရေး ကာလအခေါ်အဝေါ်  "နွေဦးတော်လှန်ရေး"။

အထွေထွေသပိတ်စတင်သည့်ရက်ကို အစွဲပြုထားသည့်  "၂၂၂၂၂"။

ထိုအမှတ်လက္ခဏာ အမှတ်အသားတွေကို ဖော်ညွှန်းထားသည့် တက်တူး။ ခန္ဓာကိုယ်ပေါ်က တစ်ခုတည်းသော "တက်တူး"။ နှစ်သက်ခုံမင်လို့ ခန္ဓာကိုယ်ပေါ်တင်ထားသည့် 

ထို "တက်တူး" ကို အကြမ်းဖက်သမားတွေ မြင်တော့...

"ဒီပုံကို ငါတို့မကြိုက်ဘူး။ ဖျက်ပစ်မယ်" 

ကိုဇာနည် ငြင်းဆန်ဖို့ အင်အားမရှိတော့ပါ။ အခြေအနေလည်း မရခဲ့ပါ။ အကြမ်းဖက်သမားတစ်ယောက်က "တက်တူး" ရှိတဲ့ညာဘက်လက်ကိုချုပ်။ နောက်တစ်ယောက်က လမ်းမပေါ်က အကြွင်းအကျန်  ကားတာယာအပိုင်းအစကို မီးရှို့။ 

ပြီးတော့ ကိုဇာနည် လက်ကို မီးရှို့ပါတော့တယ်။ 

အရှင်လတ်လတ် မီးရှို့ခံရတာ ဘယ်လောက်ကြာခဲ့မှန်း ကိုဇာနည်တစ်ယောက် ခန့်မှန်းပြန်ပြောပြဖို့တောင်ခက်ခဲပါတယ်။ ခံရတဲ့သူအတွက် တစ်မိနစ်ဆိုတာ တစ်နာရီ၊ တစ်ကမ္ဘာပါပဲ။

နာကျင်နေပေမယ့် လုံးဝ အောင်ဟစ်ခြင်းမလုပ်ခဲ့ဘူး။ ခံပြင်းလွန်းတဲ့ စိတ်နဲ့ အံကြိတ်ခံခဲ့တာပါ။ မီးရှို့နှိပ်စက်ပြီးလို့ ပြန်လွတ်မြောက်လာပေမယ့်  သူတန်ဖိုးထားသည့် "တက်တူး" က မီးကျွမ်းသွားခဲ့ရပြီ။ အရေပြားလည်း လောင်ကျွမ်းဒဏ်ရာရရှိသွားခဲ့လေပြီ။

ဒါပေမဲ့ သူရဲ့ယုံကြည်မှုကတော့ ပိုမိုခိုင်မာသွားခဲ့လေပြီ။

စစ်အာဏာရှင်တွေကြောင့် ဖျက်ဆီးခံရလိုက်တဲ့ "တက်တူး" ကို ပြန်ထိုးဖို့  စိတ်ပိုင်းဖြတ်ထားလိုက်သည်။ 

ကျော်စိုး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up