DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး အပစ်အခတ်ရပ်ရေး ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေ စုဝေး ရောက်ရှိ
DVB
·
October 29, 2013
တနိုင်ငံလုံး အပစ်အခတ်ရပ်ရေး ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေ စုဝေး ရောက်ရှိ
1 / 2
Donate to DVB

တရုတ်-မြန်မာနယ်စပ် ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ထိပ်ပိုင်းခေါင်းဆောင်တွေ ဒီနေ့ ထပ်မံ ရောက်ရှိလာကြပါတယ်။

မနက်ဖြန် အောက်တိုဘာ ၃၀ ရက်မှာ စတင်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုဟာ မြန်မာပြည်ရဲ့ တိုင်းရင်းသားလက်နက်ကိုင်သမိုင်းမှာ အင်အားစုအများဆုံး ပါဝင်တက်ရောက်တဲ့ ဆွေးနွေးပွဲ ဖြစ်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁ ရက်နေ့အထိ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ သူတို့တတွေကို လိုင်ဇာမြို့ခံတွေက ဆီးကြိုကြသလို ကချင်ရိုးရာ တူရိယာတွေ တီးမှုတ်ပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။

ရောက်ရှိ လာကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို ကချင်လွတ်လပ်ရေးအဖွဲ့  (ကေအိုင်အို) ဗဟိုကော်မတီဝင်တွေက လိုင်ဇာမြို့က ပဒန်ခရွန် လမ်မဂျန် မဆီန် ၀ယ်အွန်းရုန်း ခန်းမဆောင်မှာ ကြိုဆို ဧည့်ခံပါတယ်။

ဒီနေ့ ထပ်မံရောက်ရှိလာသူတွေကို မြစ်ကြီ.နားအခြေစိုက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ဦးစီးဦးရွက်ပြုပြီး မြစ်ကြီးနားကနေ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ ဒီညီလာခံကို တက်ဖို့ တိုင်းရင်းသားအဖွဲ့ ၁၈ ဖွဲ့ကို ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

ကနဦးရက်ပိုင်းက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက နိုင်ဟံသာနဲ့ ခွန်ဥက္ကာတို့ ရောက်ရှိနှင့်ခဲ့ကြပြီး ဒီနေ့ ထပ်မံရောက်လာကြတာ ဖြစ်ပါတယ်။
ရောက်လာသူတွေထဲမှာ ကေအန်ယူခေါင်းဆောင် ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး၊ ကေအန်ပီပီခေါင်းဆောင် ခူးဦးရယ်၊ မွန်ပြည်သစ်ပါတီက နိုင်ဟံသာစတဲ့ခေါင်းဆောင်တွေနဲ့ အတူ ပအို့ဝ်၊ တအာန်းခေါ် ပလောင်အဖွဲ့၊ ရှမ်း၊ မွန်၊ ရခိုင်နဲ့ ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ခေါင်းဆောင်တွေ တော်တော်များများ လာရောက်ကြပါတယ်၊

ဒီညီလာခံမှာ နိုင်ငံတ၀န်း အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် ကျလာဖို့အတွက် ဆွေးနွေးပြီး ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ ပြောခွင့်ရသူ ခွန်ဥက္ကာကို ဒီညီလာခံက ဆုံးဖြတ်ချက်တွေဟာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပြေလည်နိုင်မလားလို့ မေးကြည့်တဲ့အခါ ခွန်ဥက္ကာက ခုလို ပြောပါတယ်။

“ဆက်နွယ်မှုကိုတော့ တိုက်ရိုက်ပြောလို့ ခက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖြစ်ပေါ်လာပုံ သူ့ရဲ့ အခြေခံ သူရဲ့ဦးတည်ချက် သူရဲ့ အနှစ်သာရတွေက ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စု အနှစ်သာရနဲ့တော့ တော်တော်ကွာပါတယ်။ အနှစ်သာရ ၂ ခု ကွာတဲ့အခါကြတော့ ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စုအနှစ်သာရကို ဦးတည်ပြီး ဖော်ထုတ်မယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အနှစ်သာရတော့ တော်တော်မှေးမှိန်သွားနိုင်တယ်။ သို့သော်လည်းပဲ ဒီနှစ်ခုကြားမှာ ထိပ်တိုက်တော့ မဖြစ်ဘူး။ နှစ်ခုကြားမှာ ညင်ညင်သာသာနဲ့ ကူးပြောင်း သွားတဲ့ နည်းလမ်းကတော့ အဓိက ရှာဖွေရမှာဖြစ်ပါတယ်။”

ညနေစောင်းပိုင်းအထိ သတင်းရရှိချက်အရဆိုရင်တော့ တိုင်းရင်းသားလက်နက်ကိုင်အင်အား အများးဆုံးဖြစ်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(ယူဒဗလျူအက်စ်အေ) က ခေါင်းဆောင်တွေတော့ ရောက်ရှိလာခြင်းမရှိသေးပါဘူး။

ဒီညီလာခံကို လာတက်တဲ့ တအာင်း ခေါ် ပလောင်လွတ်မြာက်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူး တာဘုန်းကျော်က “ဒီပွဲက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရာမှာ ဘုံသဘောထား ဘယ်လိုရရှိနိုင်မလဲဆိုတဲ့ အခြေခံအချက်အလက်တွေ ဆွေးနွေးပြီးတော့မှ ဘုံသဘောတူညီချက်တွေ ရရှိလိမ့်မယ်လို့ မျှော်လင်ပါတယ်။ ဒီပွဲမှာ သေချာ ဆုံးဖြတ်ချက်တွေပေးပြီးတော့မှ အကောင်ဆုံး မြန်မာတပြည်လုံး အပစ်အခတ်ရပ်စဲရေးရအောင် ဘယ်လို တည်ဆောက်ကြမလဲ၊ ဦးအောင်မင်းတို့ပြောတဲ့ ဟာနဲ့ တိုင်းရင်းသားတွေ အခြေခံရပ်တည်ချက်နဲ့ ဘယ်လို ညှိနှိုင်းနိုင်ကြမလဲဆိုတဲ့ ဘုံသဘောထားတော့ ဆွေးနွေးနိုင်ကြမယ်လို့ ထင်ပါတယ်။”

တရုတ်မြန်မာနယ်စပ်မှာ ကျင်းပတဲ့ ဒီသမိုင်းဝင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တွေ့ဆုံပွဲကို ပြည်တွင်းနဲ့ ပြည်ပက စာနယ်ဇင်းသမားတွေလည်း ဦးရေ ၅၀ ၀န်းကျင်ခန့် လိုင်ဇာမြို့ကို ရောက်ရှိပြီး သတင်းရယူနေကြပါတယ်။

 

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/WELCOME LIZA/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013