မြန်မာ့ရိုးရာ ခြင်းလုံးဂိမ်းလ် စတင်ဖြန့်ချိ

မြန်မာနိုင်ငံမှာ ကျင်းပမယ့်  ဆီးဂိမ်းလ် အားကစားပြိုင်ပွဲ  မြှင့်တင်ရေးအနေနဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ကမှ စတင်  ဖြန့်ချိခဲ့တဲ့  မြန်မာရိုးရာ ခြင်လုံးကစားနည်းဂိမ်းဟာ ရက်ပိုင်းအတွင်း ကစားသူ ၁ သောင်းခွဲလောက်ရှိနေပြီ ဖြစ်ပါတယ်။ Total Game Studio က တီထွင်ထုတ်လုပ်လိုက်တဲ့  ခြင်းလုံးဂိမ်းဟာ တခြားသော ဂိမ်းတွေနဲ့ မတူတဲ့ ပထမဆုံး မြန်မာ့ရိုးရာအငွေ့အသက်ပါတဲ့ ကစားနည်းတခု ဖြစ်တာကြောင့် စိတ်ပျော်ရွှင်မှုတခုအနေနဲ့ လူစိတ်ဝင်စားပြီး ကစားလာကြတာ ဖြစ်ပါတယ်။ ခု ကစားနည်းကတော့ မြန်မာ့ရိုးရာခြင်းလုံးကစားနည်းတွေထဲက အလှခတ်ဝိုင်း ခြင်းလုံးကစားနည်းကို အခြေခံပြီး တယ်လီဖုန်းပေါ်မှာ ကစားလို့ ရအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ခြင်းလုံးကို မြေမကျအောင် ဂိမ်းစခရင်ပေါ်မှာ ညွန်ကြားထားတဲ့အတိုင်း ဆော့ကစားရတာ ဖြစ်ပြီး နိုင်အောင် ကစားနိုင်ပါက နောက်ထပ် Level အဆင့်တဆင့်ကို ဆက်ကစားရမယ့် ပုံစံမျိုးလည်း ဖြစ်ပါတယ်။ Level အဆင့် ၅၀၀ ထိ သတ်မှတ်ပေးထားပြီး အဆင့်အားလုံး ပြီးဆုံးသွားလျှင်လည်း အွန်လိုင်းမှာ ချိတ်ဆက်ပြီး အမှတ်အများပြိုင်တဲ့စနစ်နဲ့ ဆက်လက် ကစားနိုင်တယ်လို့သိရပါတယ်။ ခြင်းလုံးကစားနည်းကို မထုတ်ခင် ၁၀ လ နီးပါးလောက် အချိန်ယူ စမ်းသပ်ခဲ့ရပြီး မြန်မာလူငယ်တွေ ပူးပေါင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ ခြင်းလုံးဂိမ်း တီထွင်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး  Total Game Studio ရဲ့  ဒါရိုက်တာ ကိုမြင့်ကျော်က ခုလိုပြောပါတယ်။ “ရည်ရွယ်ချက်ကတော့ သူများနိုင်ငံတွေမှာ ဆီးဂိမ်းလ်တွေလုပ်ကြရင် ဂိမ်းတွေ ထုတ်ပြီး ပရိုမိုးရှင်းအနေနဲ့ လုပ်ကြတယ်။ ကျနော်တို့ နိုင်ငံမှာလည်း ပထမဆုံးလုပ်တဲ့ ဆီးဂိမ်းလ် လုပ်တာဆိုတော့ ဂိမ်းလေးထုတ်ချင်တယ်ဆိုပြီး ဆွေးနွေးကြရင်း လုပ်ဖြစ်တဲ့ ဂိမ်းလေးပါပဲ။ ကျနော်တို့က သူများတွေမလုပ်တဲ့ ကိုယ့်နိုင်ငံသားတွေနဲ့ ပိုပြီး ထိစပ်တဲ့ ဂိမ်းပုံစံမျိုးကို လုပ်ဖို့ ကြိုးစားတာပါခင်ဗျ။” အလှခတ် ခြင်းလုံးကစားနည်းမှာ ခုချိန်ထိ လူကြိုက်များနေပေမယ့် တချို့ကတော့ ပိုက်ကျော်ခြင်းကစားနည်းကို ပိုမိုကစားလိုကြတယ်လို့ သိရပါတယ်။ ဆီးဂိမ်းလ်ခြင်းလုံးကစားနည်းကို ခု လက်ရှိ ကစားနေပြီး Level ၄၀ ရောက်နေသူ တဦးဖြစ်သူ ကိုထိန်လင်းအောင်က ဒီဂိမ်းကို ဘာကြောင့် နှစ်သက်စွာ ကစားနေရတာလည်း ဆိုတာကို  ခုလိုပြောပါတယ်။ “ဒီဂိမ်းကို သူငယ်ချင်းတယောက်ဆီက ရလို့ စိတ်ဝင်စားပြီး ကစားဖြစ်တာပါ။ ဂိမ်းပုံစံက တယောက်တည်းခတ်ရတာ တခုပဲ ရှိတယ်။ ကစားရင်းနဲ့ ပိုက်ဆံရတယ်။ ရတဲ့ပိုက်ဆံနဲ့ ခြင်းလုံးဝယ်လို့ရတာတို့ ခြင်းခတ်တဲ့ပုံစံ မတူလို့ရှိရင် အမှတ်လေးတွေ တက်လာတာတို့ ရှိတယ်။” ကစားသူတွေ အချင်းချင်း အွန်လိုင်းမှာ အမှတ်နဲ့ ပြိုင်ကစားရာမှာ  အပတ်စဉ် လစဉ် ဆုချီးမြှင့်မှုတွေလည်း ရှိတဲ့အတွက်  ကစားသူတွေက စိတ်ဝင်စားကြတာလို့ လည်း  ကိုထိန်လင်းအောင်က ပြောပါ တယ်။ ဒီကစားနည်းကို အောက်တိုဘာ ၂၅ ရက်နေ့မှာ စတင်ဖြန့်ခဲ့ပြီး Google play မှာ sea game chinlone လို့ ရှာဖွေပြီး အခမဲ့ဒေါင်းလုပ်ရယူနိုင်ပါတယ်။ ခုလောလောဆယ်မှာတော့ အလှခတ် ခြင်းလုံးကစားနည်းကို  မိုဘိုင်း ဖုန်းတွေပေါ်မှာပဲ ကစားနိုင်ဦးမှာ ဖြစ်ပြီး အိမ်သုံးကွန်ပျူတာ ပီစီတွေမှာ ကစားလို့ရအောင် web virsion နဲ့လည်း ထုတ်ဖို့ အစီအစဉ် ရှိနေပါတယ်။ Total Game Studio ကနေ ဆီးဂိမ်းလ် ခြင်းလုံးဂိမ်းအပါအ၀င် ဆိုက်ကားဆရာ ငပိန်ဂိမ်း ကိုလည်း တင်ထားပေးပြီး ဖြစ်ပြီး .နောက်ထပ် မြန်မာရိုးရာ စစ်တုရင်ဂိမ်းကိုလည်း တင်ပေးသွား ဖို့ ကြိုးစားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up