ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်အ၀င်ဂိတ်ကို ည ၁၂ ထိဖွင့်ရန် တောင်းဆိုထား
DVB
·
October 29, 2013

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ချစ်ကြည်ရေးတံတားက အ၀င်ဂိတ်ကို နဂို မနက် ၆ နာရီခွဲကနေ ညနေ ၆ နာရီခွဲထိ ဖွင့်လှစ်ရာက ည ၁၂ နာရီထိ အမြဲတိုးချဲ့ဖွင့်လှစ်ဖို့ မယ်ဆိုင်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာကို တောင်းဆိုထားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။
ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ဂိတ်ဖွင့်ချိန် တိုးချဲ့ပေးဖို့ ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနကို အဆိုပြုတောင်းခံထားကြောင်း မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်းဆုမ်ချိုင်း ရုန့်ဆာခွန်းက အောက်တိုဘာ ၂၈ ရက်နေ့ နိုင်ငံခြားခရီးသွားဧည့်သည် ဘေးကင်းလုံခြုံရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံဘက်ခြမ်းကနေ မြန်မာဘက်ခြမ်းကို ဘော်ဒါပတ်စ် လို့ ခေါ်တဲ့ နယ်ခြားဖြတ်ကျော် ခွင့်လက်မှတ်နဲ့ အတွင်းပိုင်း ကီလိုမီတာ ၂၀၀ ထိဝေးတဲ့ တောင်ကြီးမြို့ အထိ ၁၄ ရက်တာ လည်ပတ်ခွင့်ပေးဖို့ကိုလည်း တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
အလားတူ မြန်မာဘက်ခြမ်းကနေ ၀င်ရောက်လာမယ့် ခရီးသွားဧည့်သည်တွေကိုလည်း နယ်ခြားဖြတ်ကျော်ခွင့်လက်မှတ်နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းဘက်ကို နဂိုက ၅ ကီလိုမီတာ ပတ်ဝန်းကျင်ဘဲ လည်ပတ်ခွင့်ပြုရာက ၆၀ ကီလိုမီတာအထိ လည်ပတ်ခွင့်ပြုဖို့ ၂ ဘက်နိုင်ငံ တာဝန်ရှိသူတွေကို တောင်းဆိုထားကြောင်း၊ မြန်မာဘက်ခြမ်းက တလအချိန်ယူပြီး ချင့်ချိန်မယ်လို့ ပြောကြားခဲ့ကြောင်း မယ်ဆိုင်မြို့နယ်မှူးက သတင်းထောက်တွေကို ပြောခဲ့ ပါတယ်။
အခုလို တင်ပြတောင်းဆိုရခြင်းဟာ ပြီးခဲ့တဲ့ နှစ်က မယ်ဆိုင်ဂိတ်ကို လာရောက်လည်ပတ်သူပေါင်း ၇ သန်းကျော်ရှိကြောင်း၊ ဒီလိုများပြားတဲ့ ခရီးသည်တွေ ထိုင်းနိုင်ငံမှာ လည်ပတ်ချိန် ပိုမိုရရှိအောင် ထိုင်းနိုင်ငံ ထွက်ကုန်ပစ္စည်းတွေလည်း ပိုမိုရောင်းချနိုင်အောင်လို့ ဂိတ်ဖွင့်ချိန်တိုးမြှင့်တောင်းခံရကြောင်း မြို့နယ်မှူးက ဆက်ပြီး ပြောပါတယ်။
ဒါ့အပြင် တဘက်နိုင်ငံကလည်း မြန်မာ့ခ၇ီးသွားလုပ်ငန်းကို အလေးထားဆောင်ရွက်နေ တာ တွေ့ရှိရကြောင်း ၊ တောင်းဆိုအကြပြုချက်အတိုင်း ခွင့်ပြုပါရင် ထိုင်းနိုင်ငံက ဧည့်သည်တွေဟာ ရှမ်းပြည်နယ် တောင်ကြီးနားက နာမည်ကြီး အင်းလေးကန်၊ ရှေးဟောင်းဘုရားစေတီပုထိုးတွေ သွားဖူးနိုင်မယ့်အပြင် တရုတ်နယ်စပ်ဘက်တွေမှာပါ လည်ပတ်နိုင်မယ်လို့ ဆိုပါတယ်။
လောလောဆယ် မြန်မာနဲ့ လာအိုနိုင်ငံကြား မဲခေါင်မြစ်ကူးတံတားကိုလည်း တည်ဆောက်နေပြီး တံတားကြီး ပြီးဆုံးသွားရင် ထိုင်းဘက်က ကုန်စည်တွေပါ မြန်မာဘက်ခြမ်းကလှည့်ပြီး လာအိုနိုင်ငံကိုပါ ရောင်းချနိုင်မယ်၊ တဘက်နိုင်ငံက ပစ္စည်းတွေလည်း တင်သွင်းနိုင်မယ်လို့ မြို့နယ်မှူးက ထိုင်းသတင်းထောက်တွေကို ပြောသွားပါတယ်။
