မြန်မာနိုင်ငံရဲ့ အရှေ့မြောက် ကုန်သွယ်ရေးတံခါးပေါက် တစ်ပေါက်ဖြစ်တဲ့ မြန်မာ - တရုတ်နယ်စပ် အဝင်၊ အထွက် ဂိတ်ပေါက်ကို ယာယီပိတ်ထားကြောင်း နယ်စပ် ဒေသခံတွေထံက သိရပါတယ်။
လက်ရှိ ရွှေလီ၊ ကျယ်ဂေါင် ဘက်မှာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားနေတာကြောင့် ဧပြီလဆန်း ၁ ရက်နေ့ ကစပြီး ပိတ်ထားကြောင်း မူဆယ် တရုတ်ထောင်လွှဲ တာဝန်ခံ ဦးမန်းမျိုးမြင့်က ဒီဗွီဘီကိုပြောပါတယ်။
"မန့်ဝိန်းဂိတ်ရော အကုန် အကုန်ပိတ်တယ်။ ကားအဝင် အထွက်ကအစ မရှိဘူး။ လုံးဝ အဝင်အထွက် မရှိဘူး"။
မြန်မာတရုတ်နယ်စပ် ကျယ်ဂေါင်-ရွှေလီလမ်းကြောင်းကို ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိလို့ တရုတ်နိုင်ငံဘက်မှ ခေတ္တပိတ်ထားတာကြောင့် ကုန်တင်ကားကြီးတွေ မန့်ဝိန်းပေါက်မှဝင်ရောက်နိုင်ခြင်းမရှိဘဲ ကျင်စန်းကျော့ ဝင်ပေါက်တစ်ခုတည်းကိုသာ လတ်တလော အသုံးပြုနေရကြောင်း မူဆယ်ယာဉ်ထိန်းတပ်ဖွဲ့က လူမှုကွန်ယက်မှာ အသိပေးထားတာလည်း ရှိပါတယ်။
ရွှေလီမြို့မှာ နေထိုင်သူ ကိုဟိန်းနိုင် က "မန့်ဝိန်းပေါက်က အဝင် အထွက်မရှိဘူး။ လောလောဆယ်တော့ ရပ်ထားတာပေါ့နော်။ ကုန်သည်တွေက တခါတလေကျတော့ ဒီနေ့ရပ်ချင် ရပ်တယ်။ နက်ဖြန် ဖွင့်ချင်ဖွင့်တယ်။ လောလောဆယ် ခု ရပ်ထားတာ ၃ ရက် ၃ ရက် ရှိပြီ။" လို့ ပြောပါတယ်။
ရွှေလီ၊ ကျယ်ဂေါင်မှာ မတ်လ ၃၀ ရက်နေ့ကတည်းက အပြင်မထွက်ဖို့ လိုက်လံ သတိပေးနေပြီး Lockdown ချထားကာ အစက တစ်ပတ်လို့ပြောပေမယ့် ကူးစက် သံသယ လူနာ ၁၃၂၀ ကျော်ထိ ပိုးတွေ့ ထပ်တိုးနေတဲ့အတွက် ဆက်ပိတ်ထားမလားမသိသေးဘူးလို့ ကျယ်ဂေါင်၊ ရွှေလီမှာ နေထိုင် အလုပ်လုပ်သူ ကိုကျော်သက်က ပြောပါတယ်။
မန့်ဝိန်း တရုတ် - မြန်မာ ကုန်သွယ်ရေး နယ်စပ် ဂိတ်ပေါက်မှ တရုတ်နိုင်ငံသို့ ဆန်၊ ပဲ စတဲ့ မြန်မာ့ လယ်ယာထွက်ကုန်၊ ပုပ်ပျက် မလွယ်တဲ့ အခြားကုန်စည်တွေကို နေ့စဉ် ကုန်တင်ကား ရာချီ တင်ပို့နေတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်ကုန်စည်တွေ မြန်မာဘက်တင်ပို့မှု ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြပါတယ်။