စစ်ကိုင်းတိုင်း မုံရွာမြို့မှာ နေ့စဉ်နဲ့အမျှ စစ်ကောင်စီတပ်တွေရဲ့ ရမ်းကားမှု၊ နယ်မြေစိုးမိုးနိုင်ရေး အင်အားသုံးအကြမ်းဖက်လာတာတွေကြောင့် မြို့ပေါ်ရပ်ကွက်တချို့က ပြည်သူတွေ နေအိမ်စွန့်ခွာ တိမ်းရှောင်နေကြပါတယ်။
အများစုက သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ နာမကျန်းဖြစ်သူတွေကို ဘေးလွတ်ရာကို ပို့ဆောင်နေကြတာလည်းဖြစ်ပါတယ်။
တချို့ကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးသားချင်းရှိရာ ကျေးလက်တွေကို ပြောင်းရွှေ့ လာနေကြတာဖြစ်ပါတယ်။
"မနေ့ကဆို ကျနော်တို့ ရပ်ကွက်ထဲက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ဘုန်းကြီးကျောင်း ပို့ထားကြတယ်။ သူတို့က အင်အားသုံးပြီး ရပ်ကွက်တွေထဲဝင်တာ၊ ပစ်ခတ်တာ၊ အကြမ်းဖက် လုယက်တာတွေကြောင့် မနေရဲလို့ ရွှေ့ကြရတာ။ ဟိုနေ့ကလည်း ဒေါင်းကျောင်းအနောက်ဘက်မှာ မီးလောင်သွားသေးတယ်လေ။ အဲလိုဆိုတော့ တခုခုဆို ဘေးကင်းအောင် ရွှေ့ရတာ "လို့ မြဝတီရပ်ကွက် ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလိုနေအိမ်စွန့်ခွာတိမ်းရှောင်မှုတွေက မတ်လနောက်ဆုံးပတ်လောက်ကစတင်ကာ မြို့ပေါ်ရပ်ကွက်တော်တော်များများမှာ ရှိလာနေတာပါ။
မုံရွာမြို့မှာ ဧပြီ ၃ ရက်က စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုကြောင့် အနည်းဆုံးပြည်သူ ၃ ဦး ကျဆုံးခဲ့ရပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မုံရွာမြို့မှာ မတ် ၃ ရက် အကြမ်းဖက်မှုဖြစ်စဉ်ကနေ ဒီနေ့ထိ စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ပစ်ခတ်မှုကြောင့် ပြည်သူ ၂၆ ဦးထက်မနည်းသေဆုံးပြီး ဖြစ်ကာ ၆၀ ဝန်းကျင်လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ လူပေါင်း ရာနဲ့ချီ ဖမ်းဆီးခံထား ရပါတယ်။