ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၂၉ ရက်နေ့က အကြမ်းဖက် စစ်အုပ်စုပစ်ခတ်မှုကြောင့် ထွက်ပြေးစဉ်ဖမ်းမိတဲ့ သူတွေကို လက်နက်တွေနဲ့အတူ ဖမ်းမိတယ်ဆိုပြီး အာဏာသိမ်း စစ်ကောင်စီထုတ် သတင်းစာမှာ ဖော်ပြပါတယ်။
အမှတ် ၈ ရပ်ကွက် ၁ ဦးဟာ စျေးဝယ်သွားစဉ်အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ထွက်ပြေးခဲ့ရပြီး ဖမ်းမိတဲ့အချိန်မှာ ဘာလက်နက်မှမပါပေမဲ့ စစ်တပ်အာဘော် သတင်းစာမှာတော့ လက်လုပ် သေနတ်၊ ဒူးလေး၊ ဂျင်ကလိတွေနဲ့အတူ ဖမ်းမိခဲ့တယ်ဆိုပြီး ဖော်ပြခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
"ဖမ်းမိတုန်းက သူ့မှာ ဆိုင်ကယ်သော့တစ်ချောင်းပဲပါတယ်၊ အဲဒါကို ရဲစခန်းမှာ လက်နက်တွေရှေ့ချပြီး ဓာတ်ပုံရိုက်တာခံရတယ်။ နောက်နေ့ကျတော့ သတင်းစာထဲမှာ လက်နက်တွေနဲ့အတူ ဖမ်းမိပါတယ်ဆိုပြီး သတင်းဖော်ပြတယ်။ အမှန်က တခြားစီပါ မဟုတ်မမှန် သတင်းထုတ်ပြန်တာပါ။ အားလုံးကိုသိစေချင်ပါတယ်” လို့ မိသားစုဝင် ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။
ခုလို မတရား ဓာတ်ပုံရိုက် တရားစွဲဆိုတာနဲ့ သူ ယူသွားတဲ့ဆိုင်ကယ် အသိမ်းခံထားရတာကို အဖြစ်မှန်ဖော်ထုတ်ပေးဖို့ အချုပ်ခန်းထဲကနေ စာရေးပြီး သူယုံကြည့်ရတဲ့လူထံ စာပို့ အကြောင်း ကြားလို့ ခုဖြစ်စဉ်ကို သိရတာလို့ ဆိုပါတယ်။
သေနတ်ပစ်သံတွေကြောင့် ဘေးလွတ်ရာရှောင်ပုန်းရင်း အဖမ်းခံခဲ့ရသူကို လက်နက်တွေနဲ့အတူတွဲ ဓာတ်ပုံရိုက်ကာ ဧပြီ ၂ ရက်နေ့က ရုံးထုတ်ခဲ့ပြီး ပုဒ်မ ၅၀၅ (က)နဲ့ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒါပြင် ပုသိမ်မြို့မှာ အမှတ် ၃ ရပ်ကွက်မှာ အကြမ်းဖက်စစ်အုပ်စုကဖမ်းဆီးသွားတဲ့ အမျိုးသား ၁ ဦးကိုလည်း လက်နက်တွေနဲ့အတူတွဲဓာတ်ပုံရိုက်ကာ MRTV သတင်း ထဲမှာ ထည့်လွှင့်ခဲ့တယ်လို့ သိရပါတယ်။