DVB Logo
Home
မြန်မာသတင်း
ကျိုင်းတုံဒေသခံများ ကျောက်မီးသွေးစီမံကိန်းကို ကန့်ကွက်
DVB
·
October 28, 2013
ကျိုင်းတုံဒေသခံများ ကျောက်မီးသွေးစီမံကိန်းကို ကန့်ကွက်
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှာ ထိုင်းကုမ္ပဏီတခုက လာပြီး ကျောက်မီးသွေးတူးဖော်ရေး နဲ့ စက်ရုံ တည်ဆောက်မယ့် စီမံကိန်းကို ဒေသခံတွေ ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြဖို့ စီစဉ်နေပါတယ်။

သူတို့ဒေသမှာ ကျောက်မီးသွေး စီမံကိန်းလာလုပ်ရင် အနည်းဆုံး ရွာ ၂ ရွာ ဖယ်ပေး ရမှာဖြစ်သလို ရွာပေါင်း ၈ ရွာက လုပ်ကိုင်စားသောက်နေတဲ့ လယ်မြေဧက ၅၀၀ နီးပါး ဆုံးရှုံးမှာ ဖြစ်တဲ့အတွက် ဒီစီမံကိန်းကို ကန့်ကွက်နေကြတာဖြစ်ပါတယ်။

ရွာသားအားလုံးရဲ့ သဘောဆန္ဒကို မေးမြန်းဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက မိုင်းလပ်ကျေးရွာအုပ်စု ၀မ်တောင်းရွာ ဘုန်းကြီးကျောင်းမှာ  စုဝေးခဲ့ပြီး  မြို့နယ်ထဲမှာရှိတဲ့ နိုင်ငံရေးပါတီအဖွဲ့တွေကိုပါ ဖိတ်ကြားခဲ့တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးစိုင်းဝင်းမြင့်က ပြောပါတယ်။

“စစ်တမ်းကောက်တဲ့ အချိန်မှာ အကုန်လုံး ဘယ်သူမှ မရွှေ့ချင်ကြဘူး။ ရွှေ့မယ်ဆိုရင် ဘယ်မှာရွှေ့ရမှန်းလည်း မသိဘူး။ ဘယ်မှာ သွားရမှန်းလည်း မသိဘူး။ အဲဒီတော့ လက်ရှိ အခြေအနေအရဆိုရင် ရွာသားအားလုံးက ဆန့်ကျင်ကြတယ်။ သူတို့က မရွှေ့ပြောင်းချင်ဘူး။ အဲဒီ ကျောက်မီးသွေးစက်ရုံကိုလည်း ပေးမလုပ်ချင်ဘူး။ ဒါပေမယ့် သက်သေ သာဓက အနေနဲ့  ဆိုလို့ရှိရင်တော့ လက်မှတ်ကသာလျှင် အသိသက်သေဖြစ်နေတာကိုးဗျ။ ဒါကြောင့်မို့လို့ ကျနော်တို့က စာရွက်ဖြန့်ပြီးတော့ လက်မှတ်ကို တရွာဝင်တရွာထွက် အဲဒီ ၈ ရွာစလုံးကို ကန့်ကွက် စာရင်း လုပ်ထားပါတယ်။ လက်မှတ်စုဆောင်းတဲ့နေရာမှာလည်း အသက် ၁၈ ပြည့်တဲ့ သူတွေ အားလုံးကို လက်မှတ်စုဆောင်းနေပါတယ်။”

လက်မှတ်တွေ စုဆောင်းပြီးရင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို တင်ပြဖို့ရှိကြောင်း၊ မြို့နယ်ရုံးက ဘာမှ မဆောင်ရွက်ပေးနိုင်ရင် ပြည်နယ်အစိုးရ၊ နေပြည်တော်လွှတ်တော်ရုံး စသဖြင့် အဆင့်ဆင့်တင်ပြသွားမယ်လို့ ဆိုပါတယ်။

ရွာသားတွေ ပြောပြချက်အရ  ဆွေးနွေးပွဲမတိုင်ခင် အောက်တိုဘာ ၂၀ ရက်က  ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ လ၀က ၀န်ထမ်းတွေ ကိုယ်တိုင် ရွာထဲရောက်လာပြီး  ကျောက်မီးသွေးစီမံကိန်း လုပ်ဖို့ သဘောတူကြောင်း လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ရွာသားတွေက ဖယ်ပေးရမယ့် မြေတွေအတွက် လျော်ကြေးကိစ္စ၊ ပြောင်းရွှေ့နေရာ ချထားရေး နဲ့ အစားထိုးလုပ်ငန်းတွေကိစ္စ မေးမြန်းတဲ့အခါမှာ အာဏာပိုင်တွေဘက်က ဘာမှ ရေရေရာရာ မဖြေနိုင်တဲ့အတွက် ဘယ်သူမှ လက်မှတ်မထိုးရဲကြဘူးလို့ ဦးစိုင်းဝင်းမြင့်က ပြောပါတယ်။

စီမံကိန်းကြောင့် လယ်ယာမြေတွေ ဆုံးရှုံးမယ့်အပြင် ကျောက်မီးသွေးစက်ရုံက အငွေ့အသက်တွေကြောင့် သဘာဝပတ်ဝန်း-ကျင် ညစ်ညမ်းလာမှာ စိုးရိမ်မကင်းဖြစ်ကြောင်း၊ ရွာသားတွေက လွန်ခဲ့တဲ့ ၂ နှစ်တုန်းကလည်း ကျားဖြူပါတီကနေတဆင့် သက်ဆိုင်ရာကို တိုင်ကြားထားပြီး ဖြစ်ပေမယ့် ခုလို စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ကျိုင်းတုံမြို့နယ်ထဲမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ လားဟူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ၀ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ အစရှိတဲ့ ပါတီတွေက  ကိုယ်စားလှယ်တွေပါ ဖိတ်ကြားခဲ့ပြီး ရွာသားတွေက  သူတို့အခက်အခဲတွေ တင်ပြခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ရွာပေါင်း ၈ ရွာက ဒေသခံတွေနဲ့ နိုင်ငံရေးပါတီ ၅ ခုက ကိုယ်စားလှယ်တွေရော၊ သတင်းရဲတပ်ဖွဲ့ (အက်စ်ဘီ)၊ စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စုစုပေါင်း လူ ၃၀၀ နီးပါး တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ဦးစိုင်းဝင်းမြင့်က ပြောပါတယ်။

ဒီကျောက်မီးသွေးတူးဖော်ထုတ်လုပ်ခြင်း နဲ့ စက်ရုံတည်ဆောက်ခြင်း စီမံကိန်းကို ထိုင်းနိုင်ငံ လမ်ပွန်းဒန် ကုမ္ပဏီလီမိတက်က ဆောင်ရွက်မှာဖြစ်ပြီး စီမံကိန်း ဧရိယာထဲမှာ ၀မ်တောင်း နဲ့ ၀မ်ကျွမ် ရွာ ၂ ရွာပါ ပါဝင်ကြောင်း၊ စက်ရုံတည်ဆောက်ရင်တော့ ဒယ်အိုးပုံစံလိုဖြစ်နေတဲ့ ကျိုင်းတုံမြို့ပါ မီးခိုးမှိုင်းတွေ ရောက်လာနိုင်ကြောင်း ကျိုင်းတုံ ရပ်မိရပ်ဖ တဦးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013