Home
မြန်မာသတင်း
မြန်မာနိုင်ငံကို အမြန်ဆုံးကယ်တင်ပေးရန် အလှမယ်ဟန်လေး ကုလသမဂ္ဂကို တောင်းဆို
DVB
·
April 2, 2021

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် နေ့စဉ်နဲ့အမျှ လူတွေသေဆုံးနေရပြီး  မြန်မာဟာ အရေးပေါ်အကူအညီလိုအပ်နေတဲ့အတွက် ကုလသမဂ္ဂက အမြန်ဆုံး ကယ်တင်ပေးဖို့ ထိုင်းနိုင်ငံရောက် မြန်မာအလှမယ် ဟန်လေးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ဘန်ကောက်မှာ ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ ဟန်လေးက  မြန်မာနိုင်ငံကို ကူညီဖို့အတွက် ယူအန်က လုပ်ငန်းစဉ်အဆင့်လိုက်သွားနေရကြောင်း ဒါပေမဲ့ မြန်မာပြည်မှာတော့ လူတွေကနေ့စဉ်နဲ့အမျှသေဆုံးနေရလို့  လူသားချင်းစာနာမှု အကူအ ညီကိုအရေးပေါ်လိုအပ်နေကြောင်း၊ အဲဒီလုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့အချက်ဆိုတာ ဘယ်အရာလဲ၊ တရားမျှတမှုအတွက် မြန်မာပြည်ကို အမြန်ဆုံးကယ်တင်ပေးပါလို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိမြန်မာပြည်ကလူတိုင်း စစ်အာဏာရှင်ရဲ့အန္တရာယ်အောက်မှာ ကျရောက်နေ ပြီး သူဟာလည်း လူသားပေမို့ ကြောက်စိတ်ရှိကြောင်း၊ မြန်မာပြည်က မိသားစုနဲ့ မြန်မာပြည်သူများ အတွက် စိုးရိမ်ကြောင်း၊ နိုင်ငံရဲ့ အနာဂတ်၊ မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက်လည်း စိုးရိမ်ကြောင့်ကြကြောင်း၊ မြန်မာပြည်ကလူတွေဟာ အခုဆိုရင် လူမှုကွန်ရက်ကို အသုံးပြုခွင့် မရှိတော့လို့  နိုင်ငံတကာနဲ့ ဆက်သွယ်လို့ မရတော့ဘဲ သူကတော့  ပြည်ပရောက်နေတဲ့အပြင်   နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လည်း အဆက်အသွယ်ရှိတာကြောင့် စိတ်ဓာတ်ခိုင်မာစွာထားပြီး မြန်မာ့အရေးဆောင်ရွက်ရမယ်လို့ ပြောပါတယ်။ 

မြန်မာပြည်မှာ အလုပ်ရုံတွေ၊ စာသင်ကျောင်းတွေ၊ ဘဏ်တွေ၊ ရုံးတွေပိတ်နေကြောင်း၊ အေတီအမ်က ငွေထုတ်ဖို့တောင်အခက်အခဲရှိနေပြီး လက်ထဲကငွေနဲ့ပဲလည်ပတ်နေရကြောင်း၊ ရုပ်မြင်သံကြားမှာလည်း စစ်အစိုးရပိုင်ချနယ်လ် ၂ ခုသာလွှင့်ခွင့်ရပြီး အဲဒါကလည်း သတင်းမှန် မပြောကြောင်း၊ စစ်တပ်က ပြည်သူတွေကိုအိမ်ထဲထိလိုက်ဖမ်းတာ၊ သေဆုံးသွားတဲ့ ဆန္ဒပြသူတွေရဲ့ အလောင်းကို မိသားစုကိုအသိမပေးဘဲ မီးရှို့ပစ်တာတွေရှိတယ်လို့လည်း ပြောပါတယ်။ 

သူဟာ ထိုင်းမှာနေစဉ် အလုပ်တစ်ခုခုလုပ်ကိုင်သွားမှာဖြစ်ပြီး သူ့ကိုငွေကြေးအရကူညီ ထောက်ပံ့မယ့်သူတွေအနေနဲ့ မြန်မာပြည်သူတွေကိုသာ ထောက်ပံ့လှူဒါန်းဖို့ ဟန်လေးကပြော သွားပါတယ်။ 

အသက် ၂၂ နှစ်ရွယ်ရှိ ဟန်လေးဟာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Miss Grand International အလှမယ်ပြိုင်ပွဲဝင်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး အဆိုပါပြိုင်ပွဲစင်မြင့်ထက်ကနေ စစ်အာဏာရှင်လက်အောက်ကျရောက်နေတဲ့ မြန်မာပြည်သူတွေကို ကူညီဖို့  တောင်းဆိုခဲ့တာပါ။ 

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့  ဘန်ကောက်မှာကျင်းပတဲ့ Miss Grand International မယ်ပြိုင်ပွဲမှာ မြန်မာအလှမယ် ဟန်လေးက ရတဲ့အချိန်လေးအတွင်း စစ်အာဏာရှင်တို့လက်ချက်ကြောင့်သေဆုံးခဲ့ရတဲ့ မြန်မာပြည်သူအကြောင်းကို မျက်ရည်တွေနဲ့ ပြောဆိုပြီး  နိုင်ငံတကာက မြန်မာပြည်ကို ကယ်တင်ဖို့ တောင်းဆိုခဲ့တာ၊ မိုက်ကယ်ဂျက်ဆင်ရဲ့ Heal The World  သီချင်းကို သင်္ကတေဘာသာနဲ့သီဆိုပြခဲ့တာကြောင့် လူသိများထ ထင်ရှားသွားခဲ့တာပါ။

ဒါကြောင့် ထိုင်းနိုင်ငံမှာကျင်းပတဲ့ Miss Grand Internationalပြိုင်ပွဲကျင်းပရေးအဖွဲ့ ဒါရိုက်တာ မစ္စတာ နဝပ်အစ်ဆလာကိုင်းဆင်က ဟန်လေးရဲ့ သတင်းစာရှင်းပွဲကို ပြီးခဲ့တဲ့ မတ်လ၃၁ ရက်နေ့က စီစဉ်ပေးခဲ့ပါတယ်။

အဆိုပါ သတင်းစာရှင်းပွဲမှာ ဒါရိုက်တာ မစ္စတာနဝပ်က - ဟန်လေးဟာ Miss Grand International မယ်ပြိုင်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြသခဲ့တာကြောင့် လောလောဆယ်မြန်မာပြည်ပြန်ရင် သူ့ဘဝလုံခြုံမှုရှိတော့မှာမဟုတ်ကြောင်း၊ မြန်မာနိုင်ငံလေကြောင်း လိုင်း လည်းပိတ်ထားတာမို့ သူဟာ  ပြန်လို့မရကြောင်း၊ ထိုင်းမှာနေစဉ် သူရဲ့စားဝတ်နေရေး ကိစ္စ အဝဝကိုပြိုင်ပွဲကျင်းပရေးကော်မတီက တာဝန်ယူသွားမှာဖြစ်ပြီး သူ့ အတွက်  အလုပ်သမားကတ်ရဖို့ လျှောက်ထားပေးနေတယ်လို့ ပြောပါတယ်။ သူ့ကို ကူညီထောက်ပံ့ကူညီဖို့၊ နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ အနည်းဆုံးနိုင်ငံ ၄ ခုက ဆက်သွယ်လာပေမယ့် သူမကတော့ ထိုင်းမှာဘဲ နေမယ်လို့ ဆုံးဖြတ်ကြောင်း၊ သူ့အတွက် ထောက်ပံ့ကူညီငွေကို Miss Grand International အဖွဲ့ကရော သူမကိုယ်တိုင်ကပါ လက်ခံဖို့ငြင်းပယ်ပြီး မြန်မာပြည်သူတွေကို ကူညီမယ့် အဖွဲ့အစည်းတွေကိုသာ ကူညီပေးဖို့  မစ္စတာနဝပ်က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024