DVB Logo
Home
မြန်မာသတင်း
၎ လအတွင်း နိုင်ငံရေးဆွေးနွေးပွဲစရန် ကေအန်ယူနှင့် အာစီအက်စ်အက်စ် တောင်းဆို
DVB
·
October 28, 2013
၎ လအတွင်း နိုင်ငံရေးဆွေးနွေးပွဲစရန် ကေအန်ယူနှင့် အာစီအက်စ်အက်စ် တောင်းဆို
Donate to DVB

တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ၄ လအတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ ရှမ်းပြည် ပြည်လည်ထူထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်) တို့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ကရင်နဲ့ ရှမ်းလက်နက်ကိုင်တိုင်းရင်းသား နှစ်ဖွဲ့ပူးပေါင်းပြီး အောက်တိုဘာ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်တဲ့ ပူးတွဲကြေညာချက်မှာ အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ကျင်းပဖို့ရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို အစိုးရနဲ့ တိုင်းရင်းသားတွေ ပူးတွဲစီမံခန့်ခွဲဖို့၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမှာ လက်နက်ကိုင်အဖွဲ့အားလုံး၊ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်း၊ လွှတ်တော်အမတ်၊ တပ်မတော် နဲ့ အစိုးရတို့ပါဝင်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့ပြင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရာမှာ အခြေခံဥပဒေ၊ အာဏာခွဲဝေမှု၊ လုံခြုံရေး၊ မြေယာ၊ ၀င်ငွေခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု စတဲ့ အချက်တွေ ပါဝင်ရမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကေအန်ယူအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းကတော့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်ဖို့ အတွက် အပစ်အခတ်ရပ်စဲရေးဟာ အရေးကြီးဆုံး လိုအပ်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

“အဓိက ညီလာခံရဲ့ ရည်မှန်းချက်က နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်ရေးအတွက် အပစ်အခတ်ရပ်စဲရေး ကိစ္စ ဆွေးနွေးမှာ။ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုဖြစ်ရေးအတွက် မူလက ဆွေးနွေးသွားတဲ့ အခြေခံမူဘောင်ထဲမှာပါတဲ့ အချက်တွေကိုပဲ ဆွေးနွေးဖို့ သဘောထားရှိမယ်။ အဓိက နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုက တကယ်လို့အပ်တယ်။ ဒါပေမယ့် သဘောတူညီမှုလုပ်တဲ့နေရာမှာ လိုအပ်တဲ့အချက်တွေ၊ အာမခံချက်ရှိတဲ့အချက်တွေ ပါဝင်မှ ကျနော်တို့ သဘောတူရမယ်။ အခုက လုပ်သင့်တယ်လို့ မြင်တယ်။ ဒါပေမယ့် ပြန်လည်ညှိနှိုင်းဆောင်ရွက်ရမယ့် အပိုင်းတွေတော့ ရှိသေးတာပေါ့။”

ကရင်နဲ့ ရှမ်းလက်နက်ကိုင်တွေ ချမှတ်ထားတဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးမှာ ပါဝင်ရမယ့် မူဘောင်တွေထဲမှာ လက်မှတ်ထိုးခဲ့ပြီးတဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်တွေကို ပြန်လည်အတည်ပြုဖို့၊ ပူးတွဲစစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေချမှတ်ဖို့၊ ပူးတွဲအပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ဖို့နဲ့ ပူးတွဲငြိမ်းချမ်းရေး ကော်မတီတွေနဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာကို ဖြေရှင်းဖို့တွေ ပါဝင်ပါတယ်။

လိုင်ဇာမြို့မှာ ကျင်းပဖို့ရှိနေတဲ့ တိုင်းရင်းသားညီလာခံမှာလည်း ကေအန်ယူနဲ့ အာစီအက်စ်အက်စ် ခေါင်းဆောင်တွေ တက်ရောက်ဖို့ရှိနေပြီး အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ချမှတ်ထားတဲ့ အထက်ပါ မူဘောင်တွေကို ချပြဆွေးနွေးဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

လိုင်ဇာ တိုင်းရင်းသားညီလာခံဟာ နိုင်ငံရေး၊ တွေ့ဆုံဆွေးနွေးပွဲကြီးတွေ ဖြစ်ပေါ်ရေးအတွက် အဆုံးအဖြတ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013