၈၈ မျိုးဆက် ဦးမြအေးကို ပုဒ်မ ၅၀၅ (ဂ) ဖြင့်အမှုဖွင့်

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းစသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေးကို ဒီကနေ့ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးထုတ်မှာ ပုဒ်မ ၅၀၅(ဂ) နဲ့ အမှုတပ်လိုက်တယ်ပါတယ်။

ဦးမြအေးရဲ့ ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်တဉ္ဇာဦးက ဒီကနေ့တရားရုံးမှာ ရှေ့နေပါဝါတင်ခွင့်ရခဲ့ပြီး ဦးမြအေးကတော့ ကျန်းကျန်းမာမာရှိနေတယ်လို့ သူနဲ့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။

ဦးမြအေးကို ဖမ်းဆီးပြီး ၂ လအကြာမှသာ ၅၀၅(ဂ) ပုဒ်မတပ်လိုက်တာဖြစ်တယ်လို့ သူရဲ့ သမီးငယ်ဖြစ်သူ မဝတ်ရည်ရနံ့ကလည်း  လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

“ပုဒ်မတွေကို ကံစမ်းမဲနှိုက်သလိုမျိုး ရရာကောက်တပ်နေတဲ့အချိန်မှာတော့ ဖေဖေ့ကို ဒီလိုယုတ္တိမရှိတဲ့ဟာနဲ့ တရားစွဲတယ်ဆိုတာကလည်းမထူးဆန်းပါဘူး” လို့ ဆိုပါတယ်။

ပုဒ်မ ၅၀၅(ဂ)ဆိုတာကတော့ လူအမျိုးအစားအချင်းချင်းဖြစ်စေ၊ လူအမျိုးစုအချင်းချင်းဖြစ်စေ၊ တဘက်နှင့် တဘက်ပြစ်မှု ကျူးလွန်အောင် လှုံ့ဆော်ရန်အကြံရှိလျှင်၊ သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူ့ကို ၂ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။

ဦးမြအေးဟာ လက်ရှိမှာ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစု (FDF) ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်လည်းဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up