အိန္ဒိယ မဲဆွယ်ပွဲတွင် ဗုံးကွဲမှုကြောင့် ၅ ဦး သေ၊ ၈၃ ဦး ဒဏ်ရာရ

အိန္ဒိယနိုင်ငံမှာ အောက်တိုဘာ ၂၇ ရက်နေ့က ရွေးကောက်ပွဲ မဲဆွယ်တဲ့ လူထုစုဝေးပွဲတခုအတွင်း ဗုံးအနည်းဆုံး ၆ လုံး ပေါက်ကွဲခဲ့မှုကြောင့် ၅ ဦး သေဆုံးပြီး ၈၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ပတ္တနာမြို့မှာ အတိုက်အခံ ဘီဂျေပီပါတီရဲ့ ခေါင်းဆောင် နာရန်ဒြာ မိုးဒီရဲ့ မိန့်ခွန်းကို နားထောင်ဖို့ လူသောင်းနဲ့ချီပြီး စုရုံးရောက်ရှိနေတုန်းမှာ အိမ်လုပ်ဗုံးတွေ ပေါက်ကွဲမှု ဖြစ်သွားခဲ့တာပါ။ ဒဏ်ရာရသူတွေကို ဆေးရုံးမှာ သွားကြည့်ခဲ့တဲ့ ဘီဂျေပီပါတီရဲ့ ပြောခွင့်ရသူက ရွေးကောက်ပွဲ မဲဆွယ်ပွဲကို ဒေသဆိုင်ရာ ပြည်နယ်အစိုးရက လုံခြုံမှု အပြည့်အ၀ မပေးဘူးလို့ ဝေဖန်ပါတယ်။ ဗုံး ရှင်းလင်းရေးလုပ်တဲ့ ရဲတပ်ဖွဲ့ရဲ့ ခေါင်းဆောင် မန်နျူးမဟာဂျာက ဗုံးပေါက်မှု ဖြစ်ရတဲ့ အသေးစိတ်ကို ပြောဖို့ ခက်ခဲသေးတယ်လို့ ပြောပါတယ်။ လောလောဆယ်မှာ ဗုံးပေါက်မှုကို ဘယ်အဖွဲ့ကမှ ၀န်မခံသေးပေမယ့် တချို့ကို မေးမြန်းဖို့ ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

More News
Up