စစ်အာဏာရှင် အလိုမရှိကြောင်း မြန်မာပြည်သူတွေက နည်းလမ်းမျိုးစုံနဲ့ ဆန့် ကျင်ဆန္ဒပြနေကြရာမှာ ခုတခါမှာတော့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြတဲ့ သူရဲကောင်းတွေအတွက် ဂုဏ်ပြုပန်းသပိတ်-Flower Strike မှာ ပါဝင် ကြဖို့ နှိုးဆော်ထားပါတယ်။
လူတိုင်းမှာ အိမ်အပြန်လမ်းရှိပေမယ့် ဒီမိုကရေစီတိုက်ပွဲအတွင်းကျဆုံးပြီး ဘယ် တော့မှ အိမ်ပြန်လာခွင့် မရှိတော့တဲ့ ကျဆုံးအာဇာနည်သူရဲကောင်းတွေအတွက် သူတို့ ဆန္ဒပြဖို့ထွက်ခွာသွားကြတဲ့ ကားမှတ်တိုင်ခုံတန်းလေးတွေမှာ တအိမ်တယောက် အနည်း ဆုံးပန်းတပွင့်စီ သွားထားပြီး ဂုဏ်ပြုပေးခြင်းနဲ့ ဒီသပိတ်မှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
ဂုဏ်ပြုပန်းတွေကိုတော့ မိမိတို့နဲ့ နီးစပ်ရာကားမှတ်တိုင်တွေ(ကားမှတ်တိုင်မရှိတဲ့ မြို့နယ်ဖြစ်ပါက လူမြင်ကွင်းနေရာတွေ)မှာ ဧပြီ ၂ ရက် မနက်စောစောမှာ သွားထားပြီး ပါ ဝင်နိုင်မယ့် ဒီသပိတ်မှာတော့ ကျဆုံးသူတွေကို အောက်မေ့ဂုဏ်ပြုရင်း၊ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသရင်း၊ အာဏာရှင်ကို ရတဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်ကြရင်း ပြည်သူတရပ်လုံးပူးပေါင်းပါဝင်ပေးကြဖို့ လက်ဆင့်ကမ်းမျှဝေပေးကြဖို့ နှိုးဆော်ထားပါ တယ်။
ပန်းလေးတွေ သွားမထားခင် လက် ၃ ချောင်းကြား ပန်းတွေညှပ် ဓာတ်ပုံရိုက်ပြီး #FlowerStrikeMyanmar ဆိုတဲ့ Hashtag နဲ့ မိမိတို့ရဲ့ ဝမ်းနည်းမှုနဲ့ ဆန့်ကျင်တော်လှန် မှုတွေကို ကမ္ဘာကသိအောင်ပါ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကတဆင့် မျှ ဝေပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်အာဏာသိမ်းမှုကို ပြည်သူတရပ်လုံးက လက်မခံပဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၂ လတင်းတင်းပြည့်ခဲ့ပြီဖြစ်ကာ မတ် ၃၁ ရက် နေ့အထိ ကျဆုံးသူပေါင်း ၅၃၀ ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။