DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ကွယ်လွန်
DVB
·
October 28, 2013
နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ကွယ်လွန်
Donate to DVB

နိုင်ငံတ၀န်း အကျဉ်းထောင်တွေမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတချို့ဟာ ထောင်တွင်းဒဏ်ရာတွေကြောင့် သေဆုံးသူတွေရှိသလို ဆေးရုံမှာ ကုသမှုခံနေရတဲ့သူတွေလည်း ရှိနေပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ ထောင်ဒဏ်ချမှတ်ခံရပြီး ၂၀၀၀ ပြည့်နှစ်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမျိုးမင်းဟာ ဒီနေ့မနက် ၆ နာရီ ၂၀ မိနစ်က နေအိမ်မှာ ထောင်တွင်းကပါလာတဲ့ အာရုံကြောအားနည်းတဲ့ ရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ဦးမျိုးမင်းရဲ့ ဇနီးဖြစ်သူ မမျိုးစုသန္တာကိုက “ထောင်ထဲမှာ ဒဏ်ရာကတော့ သူက ညဘက်တွေဆို မအိပ်ဘူး။ အမြဲတမ်းပဲ အကြောဆွဲနေတယ် ခြေထောက်တွေ၊ အာရုံကြောအားနည်းတာပေါ့။ လေထိုးတယ်ဆိုပြီး ဆေးခန်းသွားပြတယ်။ ပြပြီးတော့ ပြန်လာတယ်။ ကောင်းသွားတယ်။ မနက်ပိုင်းမှာ အိမ်ရှေ့မှာ လမ်းလျှောက်တယ်။ လမ်းလျှောက်ရင်းကနေ အန်ချလိုက်တယ်။ အိမ်ထဲကို ပြန်ဝင်မယ့်အချိန်မှာပဲ လဲပြီးတော့ သတိလစ်ပြီး အသက်မရှိတော့ဘူး” လို့ ပြောပါတယ်။

၂၀၁၃ ခုနှစ် မေလက ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ ဗဟိုကော်မတီဟောင်းတဦးဖြစ်တဲ့ ဦးအေးမင်းနိုင်ဟာလည်း  ထောင်တွင်းနှိပ်စက်ခံခဲ့ရတဲ့ နံရိုးနှစ်ချောင်းကြေပြီး ကျီးပေါင်းတက်နေတာကြောင့် ဆေးရုံတက် ဆေးကုသမှု ခံယူနေရပါတယ်။

ဦးအေးမင်းနိုင်က "နိုင်ငံရေးသမားတွေဆိုတာက ခေတ်တွေပြောင်းအောင်၊ တိုင်းပြည်ပြောင်းအောင် လုပ်ခဲ့တဲ့သူတွေပဲ။ ဒီလိုလူမျိုးတွေကို ထောင်တွေ စစ်ကြောရေးတွေထဲမှာ ရက်ရက်စက်စက် လူမဆန်အောင် ရိုက်နှိက် နှိပ်စက် လိုက်တာတွေကြတော့ လူသားအချင်းချင်း ရက်စက်တယ်လို့တောင် ပြောလို့မရတော့ဘူး၊ အငြိုးအတေးကြီးကြီးနဲ့ လုပ်တယ်လို့ပဲ မြင်တယ်" လို့ ပြောပါတယ်။

စစ်ကြောရေးနဲ့ ထောင်တွင်း နှိပ်စက်ခံခဲ့ရမှုတွေကြောင့် အခုလို နိုင်ငံရေးအကျဉ်းသားတွေ ဆေးရုံတက် ကုသခံယူမှုတွေနဲ့ သေဆုံးမှုတွေ ဖြစ်နေရပြီး အစိုးရအနေနဲ့ တာဝန်ယူပေးဖို့ လိုတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

"အကျဉ်းထောင်ထဲက လွတ်လာပြီးတဲ့သူတွေနဲ့ သေဆုံးမှုတွေ ဆေးရုံတက်ရတဲ့ကိစ္စတွေ တောက်လျှောက် ကြားနေရတာနဲ့ တွေ့နေရတာတွေ ရှိပါတယ်။ မနေ့ကဆိုရင် ဦးအေးမင်းနိုင်က ဆေးရုံတက်ရပါတယ်။ ဦးမျိုးမင်း သေဆုံးသွားတယ်။ ဒီ ၂ ယောက်စလုံးက ဆိုလို့ရှိရင် အကျဉ်းထောင်ထဲ မရောက်ခင် စစ်ကြောရေးမှာရယ်၊ အကျဉ်းထောင်ထဲမှာရယ် အဲဒီ ညှဉ်းပန်းနှိပ်စက်မှုဒဏ်တွေကြောင့် အခုလိုမျိုး ဆေးရုံတက်ရတဲ့အနေအထားမျိုးတွေနဲ့  အသက် ဆုံးရှုံးရတဲ့ အနေအထားမျိုးတွေ ဖြစ်သွားတာပါ။ သို့ပေမယ့် လက်ရှိအစိုးရက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို အရေးယူဆောင်ရွက်မှုမျိုးမှ လုပ်ပေးတာကို ကျနော်တို့ မတွေ့ရပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းသားဟောင်းတွေအတွက် အလုပ်လုပ်ပေးနေတဲ့ အင်အားစု တွေကပဲ သူတို့ကို အရေးတယူလုပ်ပေးနေတဲ့ ကိစ္စတွေပဲ တွေ့ရပါတယ်။ ဒါတွေက တကယ်တော့ နိုင်ငံတော်က တာဝန်ယူ စောင့်ရှောက်ကုသပေးရမယ့် ကိစ္စမျိုးတွေပါ။ ကျနော်အမြင်ကတော့ ဒီကိစ္စတွေ မလုပ်ပေးဘူးဆိုတာ တာဝန်မဲ့ရာ ကျတယ်လို့ မြင်ပါတယ်။"

၁၉၈၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်တွင်း နိုင်ငံရေးမှုတွေကြောင့် အကျဉ်းကျခံနေရစဉ်နဲ့ အကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ရက်ပိုင်းအတွင်း သေဆုံးခဲ့သူများနဲ့ သေဆုံးသူ ၁၅၁ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)က ထုတ်ပြန် ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013